သိမ်ဖြူလက်ဝှေ့ရုံမှာ သြဂုတ် ၁၉ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲမှာ ထွန်းထွန်းမင်းက ကွန်ဂိုက ဒါရီလိုကုကုနဲ့ ပူးတွဲသရေကျခဲ့ပေမယ့် ဒေဝ ခေါ် ဒေ့လက်ဒက်က ထိုင်းက ဒီစဲလက်ကို အလဲထိုး အနိုင်ယူခဲ့ပါတယ်။
အခုပြိုင်ပွဲမှာ ကီလိုတန်းအလိုက် စုစုပေါင်း ၇ ပွဲ ထိုးသတ်ခဲ့တာပါ။ ပထမတွဲဆိုင်းဖြစ်တဲ့ ၆၅ ကီလိုတန်းမှာ ထွန်းလွင်မိုးနဲ့ ထိုင်းက ခါရာတီဆာရီတို့ ပူးတွဲသရေကျခဲ့ပြီး ၇၀ ကီလိုတန်းမှာ ဖျံသွေးနဲ့ စောဂေါ်မူတိုတို့ရဲ့ ပွဲကလည်း ပူးတွဲ သရေကျခဲ့ပါတယ်။
၅၇ ကီလိုတန်းမှာ ရဲသွေးနီက ဂျပန်က ယူတာဟာမာမိုကို ၅ ချီမြောက်မှာ အလဲထိုး အနိုင်ရခဲ့ပြီး ၇၃ ကီလိုတန်းမှာတော့ ရွှေရာမာဉ်နဲ့ ဂျပန်က ခိုဟီဟိုခဲရှီတို့ ပူးတွဲသရေကျခဲ့ပါတယ်။
၆၀ ကီလိုတန်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်တဲ့ အမျိုးသမီးပွဲစဉ်မှာ မြန်မာက ဘရော်နီကာက ဘီလာရုစ်က အဟ်လီနာမစ်ချပ်နဲ့ သရေကျခဲ့ပါတယ်။
ဒီပွဲမှာ ၈၀ ကီလိုတန်း ကမ္ဘာ့ချန်ပီယံ ထွန်းထွန်းမင်းအနေနဲ့ အကောင်းဆုံး ထိုးသတ်ပုံ မရသေးတာ တွေ့ရပါတယ်။
ထွန်းထွန်းမင်းဟာ လာမယ့် ဒီဇင်ဘာလအတွင်းမှာ မြန်မာပြည်ချန်ပီယံ စိန်ခေါ်ပွဲအဖြစ် ဒီနေ့ပွဲမှာ အကောင်းဆုံး ထိုးသတ်သွားတဲ့ ဒေ့လက်ဒက်နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
သတင်း/ဓာတ်ပုံ – လွှမ်းမိုးအောင်