Live
Home
သုံးသပျခကျြ
နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒရေးရာ စဉ်းစားစရာများ (၃)
DVB
·
July 31, 2012
ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေကို သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအနေနဲ့ ဘယ်ပုံ ဘယ်နည်း အကောင်အထည်ဖော်နေသလဲဆိုတာ စာနယ်ဇင်းတွေကပြောတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေက တဆင့် လေ့လာနေစဉ်မှာပဲ ၁ နှစ်ခွဲအတွင်း ၄ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွေကို ဇူလိုင် ၄ ရက်မှာ ပြန်လည်စတင် ကျင်းပခဲ့ပါတယ်။ လွှတ်တော်စတယ်ဆိုရင်ပဲ စိတ်ဝင်စားစရာ လွှတ်တော်တွင်းနိုင်ငံရေးက အသစ်တဖန် နိုးထလာပါတယ်။ စာနယ်ဇင်းတွေလည်း လွတ်ကွက် ဟာကွက် မရှိအောင် တင်ပြလာတဲ့နေရာမှာ ပြည်သူ့ လွှတ်တော်ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်ရဲ့ ပြောကြားချက်က ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးက အနားယူသွားတဲ့သတင်းထက် မပိုရင်တောင် မလျော့တဲ့ စိတ်ဝင်စားစရာ သတင်းဖြစ်ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက နိုင်ငံတော်မှာ အကျိုးမရှိတဲ့ စီမံကိန်းတွေနဲ့ အစိုးရ၀န်ကြီးဌာနတွေ ရဲ့ ငွေကြေးအလွဲသုံးစားမှုတွေကို စစ်ဆေးနေသလို တွေ့ရှိချက်တွေကိုလည်း ကျင်းပပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ တင်သွင်းခဲ့လို့ နိုင်ငံတော်မှာ ကာလကြာရှည်ဖြစ်ပွားနေတဲ့ အစိုးရယန္တရားထဲက အကျင့်ပျက် လာဘ်စားမှုတွေအကြောင်း တစွန်းတစကို စာနယ်ဇင်းတွေ သိရှိလေ့လာခွင့်ရခဲ့ပြီး သတင်းရေးသားကြလို့ တရားစွဲခံနေကြရတယ်။ တဆက်တည်းမှာပဲ အစိုးရအတွင်း လာဘ်စားမှုသတင်းတွေလည်း စာနယ်ဇင်းစာမျက်နှာတွေပေါ် ကနေ ပျောက်ကွယ် ငြိမ်သက်သွားခဲ့ ပါတယ်။ အခုတော့ ဦးသူရိန်ဇော်ရဲ့ ပြောကြားချက်က လာဘ်စားမှုသတင်းတွေ ဘာလို့ ဆက်လက် ထွက်ပေါ်မလာသလဲဆိုတာကို အဖြေပေးလိုက်ပါပြီ။ ရန်ကုန်အခြေစိုက် Eleven Media Group ရဲ့ Facebook စာမျက်နှာမှာ အခုလို သတင်းတိုရေးသားထားပါတယ်။ “အကျိုးမရှိသော ဆည်မြောင်းစီမံကိန်းများနှင့် ပတ်သက်၍ အစီရင်ခံစာ၊ အစိုးရ ၀န်ကြီးဌာနများ ၏ ငွေကြေးဆိုင်ရာ အလွဲသုံးစာမှုများ ပါဝင်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ တွေ့ရှိချက် အစီရင်ခံစာများ ယခင်ကဲ့သို့ လွှတ်တော်သို့ တင်ပြလာခြင်း မရှိတော့၍ ပြည်ထောင်စု စာရင်းချုပ်ရုံး ဆိုင်ရာ ဥပဒေကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ယနေ့ ပြောကြားခဲ့သည်။” ဒီသတင်းအရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို လွှတ်တော်ကိုမတင်ပြဖို့ အစိုးရက ဖိအားပေးခဲ့သလား ဆိုတာ စဉ်းစားစရာပါ။ ၀န်ကြီးဌာနတွေရဲ့ လာဘ်စားမှုတွေ တားမရဆီးမနိုင် ပေါ်ထွက်လာရင် ဒါဟာ လက်ရှိ အစိုးရအပေါ် ပြည်သူတွေရဲ့ အယုံအကြည်ကင်းမဲ့မှု တိုးပွားလာနိုင်ပြီး အစိုးရတရပ် တည်မြဲရေးကို တိုက်ရိုက် ခြိမ်းခြောက်လာနိုင်တာ အမှန်ပါ။ ဒါကိုစိုးရိမ်လို့ လွှတ်တော်ကိုမတင်ပြဖို့ စာရင်းစစ်ချုပ်ရုံးကို ဖိအားပေးခဲ့တယ်ဆိုရင် အစိုးရတရပ်ရဲ့ လွှတ်တော်အပေါ် တာဝန်ခံမှုနဲ့ လွှတ်တော်နဲ့ အစိုးရအကြား ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်မှာ ဖြစ်ပါတယ်။ အခုတော့ ၀န်ကြီးဌာနတွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေ လွှတ်တော်ကို အစီရင်ခံလိုက်ရင် ကိုယ်စားလှယ်ပေါင်း ၆၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အတိုက်အခံ ပါတီတွေ ရှိနေတဲ့အတွက် အစိုးရအတွင်း လာဘ်စားမှုတွေ ဖုံးဖိမရဘဲ ရုပ်ပျက်ဆင်းပျက်ပေါ်လာပြီး ၎င်းကိုယ်စားလှယ်တွေကတဆင့် စာနယ်ဇင်းတွေသိ၊ စာနယ်ဇင်းတွေက တဆင့် ပြည်သူသိ၊ ပြည်သူသိတော့ အစိုးရအပေါ် ယုံကြည်မှု မရှိဖြစ်လာပြီး အစိုးရတရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ တည်ငြိမ်မှုကို ထိခိုက်လာမှာစိုးတဲ့ အတွက် တိုးတိုးကျိတ်ကျိတ်ပဲ သတိပေးမှုတွေ အရေးယူမှုတွေလုပ်ဖို့ အစိုးရဘက်က မူဝါဒချထားပုံရပါတယ်။ အစိုးရတရပ်ရဲ့ ဆောင်ရွက်ချက်တွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ ဆိုတာ အစိုးရတွေကို ချည့်နဲ့အားနည်းသွားစေနိုင်တဲ့ အုပ်ချုပ်ရေးယန္တရားအတွင်း အကျင့်ပျက်လာဘ်စားမှုတွေ မလုပ်နိုင်အောင်နဲ့ လုပ်ခဲ့ရင်လည်း ချက်ချင်းဖော်ထုတ် အရေးယူနိုင်အောင် ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိလေလေ အစိုးရတရပ်ဟာ လူထုထောက်ခံမှု ရလေလေ ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ မမေ့သင့်ပါဘူး။ ဒါမှလည်း သမ္မတဦးသိန်းစိန်ဟာ သမ္မတ အဖြစ် တာဝန်စယူစဉ်မှာ ၎င်းကိုယ်တိုင် ကြွေးကြော်ခဲ့တဲ့ သန့်ရှင်းတဲ့အစိုးရ (Clean Government)နဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး (Good Governance) ဖြစ်ဖို့ဆိုတာကို အမှန်တကယ်ဖော်ဆောင်နိုင်မှာပါ။ အစိုးရ၀န်ကြီးဌာနအဆင့်မှာ အကျင့်ပျက်လာဘ်စားမှုတွေကို အတွင်းကျိတ် အရေးယူ လုပ်ဆောင်နေမယ်ဆိုရင် ဥပဒေစိုးမိုးမှု (Rule of Law) ကို စံနှုန်းအမျိုးမျိုးနဲ့ ကျင့်သုံးရာရောက်ပြီး အစိုးရတရပ်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်သလို နိုင်ငံတ၀ှမ်းမှာ ဖြစ်ပွားနေတဲ့ ဒီရောဂါဆိုးကြီးပပျောက်အောင် ရှေ့တန်းက ဦးဆောင်ဦးရွက်ပြုပြီး တိုက်ဖျက်ရမယ့် အစိုးရ တရပ်အနေနဲ့ ဘယ်လိုမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘဲ အခြေအနေတွေဟာ ပိုလို့တောင် ဆိုးရွားလာနိုင်စရာ ရှိပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်သွားတဲ့အပေါ် အစိုးရက လွှတ်တော်ကိုတင်ပြသလို ကျန်းမာရေး အခြေအနေကြောင့်ဆိုတာ မှန်နိုင်ပေမယ့် အခြားအကြောင်းများရော ရှိနေဦးမလား ဆိုတဲ့ သံသယစိတ်တွေလည်း ရှိကြပါတယ်။ ယခင် စစ်အစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ လုပ်ခဲ့တဲ့အချိန်က နိုင်ငံအတွက် အလွန်အရေးကြီးလှတဲ့ စီမံကိန်းကြီးတွေကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ အထူးသဖြင့် တရုတ်နဲ့ထိုင်းနိုင်ငံက ကုမ္ပဏီတွေနဲ့ စာချုပ်တွေချုပ်ဆိုတဲ့နေရာမှာ တာဝန်အရှိဆုံး လူတယောက် ဖြစ်တယ်ဆိုတာ လူထုက မေ့မထားပါဘူး။ တနင်္သာရီတိုင်း ထားဝယ်မြို့အနီး ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံက အီတာလျံ-ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီကြီးလက် ရက်ရက်ရောရော လုပ်ပိုင်ခွင့်တွေပုံပေးခဲ့တာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ  လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ထိုးတဲ့ အခမ်းအနားကို တတ်ရောက်ခဲ့တာ သီဟသူရ ဦးတင်အောင်မြင့်ဦးပါ။ Max Myanmar စီးပွားရေးကုမ္ပဏီအုပ်စုကြီးရဲ့ ပိုင်ရှင် ဦးဇော်ဇော်ဟာ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ အလွန်နီးစပ်သူလို့ သတင်းတွေကြီးနေတဲ့ အဲ့ဒီကာလမှာပဲ ရင်းနှီးမြှုပ်နှံမှုပမာဏ အလွန်ကြီးမားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကြီးကို အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ ပူးတွဲ အကောင်အထည်ဖော်မယ့် ပြည်တွင်းကုမ္ပဏီအဖြစ် Max Myanmar က ပြိုင်ဘက်မရှိ တဦးတည်း ရရှိသွားတာဟာ ဒီလိုပုဂ္ဂိုလ်ရေး နီးစပ်မှုကြောင့် ဖြစ်တယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ အခုတခါ ၂ နှစ်မပြည့်ခင် အချိန်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် ကံကြမ္မာက အချိုးအကွေ့များတာ တွေ့လာရပါတယ်။ ဒီစီမံကိန်းကြီး ပေါ်ပေါက်လာရေးအတွက် အဓိက ဗိသုကာတွေဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးက နုတ်ထွက် အနားယူသွားရသလို Max Myanmar ကုမ္ပဏီလည်း မကြေညာဘဲ တိတ်တဆိတ် ထားဝယ်စီမံကိန်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ တပြိုင်နက်တည်းလိုလို ရှေ့ဆင့် နောက်ဆင့်ပေါ်ထွက်လာတဲ့ ဒီဖြစ်စဉ်နှစ်ခုဟာ ထူးဆန်းအံ့သြဖွယ် အချိန်ကာလ တိုက်ဆိုင်နေတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တချို့က သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ မြစ်ဆုံဆည် စီမံကိန်းဆက်စပ်မှုကို ထောက်ပြကြပါသေးတယ်။ စာရေးသူဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းအကြောင်း တစိုက်မတ်မတ် လေ့လာရေးသားခဲ့ပါတယ်။ ဒီစီမံကိန်းကို အီတာလျံ-ထိုင်းကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိပြီး လအနည်းငယ်အကြာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ ကုမ္ပဏီမှတာဝန်ရှိသူတဦးကို ဘန်ကောက်မြို့က ကုမ္ပဏီရုံးချုပ်မှာ ၁ နာရီခွဲခန့် တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းစဉ်အတွင်း သူတို့ကုမ္ပဏီဥက္ကဋ္ဌဟာ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အလွန်နီးကပ် ကောင်းမွန်တဲ့ဆက်ဆံရေး ရှိကြောင်း ထိုတာဝန်ရှိသူက ဂုဏ်ယူစွာပြောပြတာကို ကြားသိခဲ့ရပါတယ်။ အဲ့ဒီအချိန်ကတည်းက နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတတ်ရေးတင်မကဘူး အမျိုးသားအကျိုးစီးပွားအတွက် အင်မတန်အရေးကြီးတဲ့ ဒီလိုကြီးမားတဲ့ စီမံကိန်းတခုလုံးကို နိုင်ငံခြားကုမ္ပဏီတခုလက်ထဲ လုပ်ပိုင်ခွင့်တွေအားလုံး ထိုးအပ်ခဲ့တာဟာ တခုခုတော့ မှားနေပြီလို့ သုံးသပ်မိပါတယ်။ ပိုပြီး စိုးရိမ်စရာကောင်းတဲ့အချက်က ဒီစီမံကိန်းအတွက် ပြဋ္ဌာန်းခဲ့တဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေ မူကြမ်းရေးဆွဲခဲ့တာ အီတာလျံ-ထိုင်းကုမ္ပဏီကိုယ်တိုင် ဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်ကြီးတခုဖြစ်တဲ့ သမာဆတ် တက္ကသိုလ် (Thammasat University) က ထိုင်းသုတေသီ Kriangsak Teerakowitkajorn က သူကိုယ်တိုင် ထားဝယ်ဒေသကို သွားရောက်လေ့လာပြီး ရေးသားခဲ့တဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီနှစ်အစောပိုင်းမှာပဲ စက်မှု ၂ ၀န်ကြီးလည်းဖြစ် အစိုးရသစ်လက်ထက် အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ တာဝန်ကို သီဟသူရ ဦးတင်အောင်မြင့်ဦးထံက အမွေဆက်ခံထားသူလည်းဖြစ်တဲ့ ၀န်ကြီး ဦးစိုးသိန်းက ၎င်းတို့အစိုးရမှာ အထူးစီးပွားရေးဇုန်ဥပဒေမျိုး ရေးဆွဲဖို့ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်မရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပြီး အထူးစီးပွားရေးဇုန် ဥပဒေသစ်တခုကို ဂျပန်နိုင်ငံက ပညာရှင်တွေ အကူအညီနဲ့ ရေးဆွဲနေကြောင်း ပြောဆိုခဲ့တာကို The Voice Weekly ဂျာနယ်မှာ မတ်လအတွင်းက ဖော်ပြခဲ့တာ သတိထားမိပါတယ်။ ၀န်ကြီးဦးစိုးသိန်းရဲ့ ပြောဆိုချက်ကိုထောက်ရှုပြီး ထိုင်းသုတေသီ Kriangsak Teerakowitkajorn ရဲ့ပြောဆိုချက်ဟာ အမှန်တရားနဲ့ ဘယ်လောက်နီးစပ်မှုရှိသလဲ ချိန်ထိုးကြည့်နိုင်ပါတယ်။ တိုင်းပြည်အာဏာကို အစိုးရသစ်လက်ထဲ မလွှဲခင် ၂ လခန့် အလို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်မှာ အလောသုံးဆယ် ပြဋ္ဌာန်းခဲ့တဲ့ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေဟာ သက်တမ်းဘယ်လောက်မှမခံဘဲ ဥပဒေသစ် ထွက်လာရင် ပယ်ဖျက်ရတော့မှာ ဖြစ်ပါတယ်။ ထိုင်းသုတေသီပြောသလို လက်ရှိထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေကို အီတာလျံ-ထိုင်းကုမ္ပဏီက မူကြမ်းရေးဆွဲခဲ့သလားဆိုတာ မှန် မမှန်ကို အီတာလျံ-ထိုင်းကုမ္ပဏီဘက်ကရော မြန်မာအစိုးရဘက်ကပါ အတည်ပြုချက်ရယူဖို့ အလွန်ခက်ခဲနေပါတယ်။ လွှတ်တော်ထဲက အမတ်မင်းများ မေးခွန်းထုတ်စရာ ပုစ္ဆာ ၁ ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြည်သူတွေ သိရှိခွင့်ရကြမှာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024