Home
မြန်မာသတင်း
နမ္မတူနှင့်သီပေါမှ စစ်ဘေးရှောင်များ နေရပ်ပြန်လို
ခွန်ဇော်ဦး
·
August 19, 2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်ကအတွင်းက စတင်ပြီး လက်ရှိအချိန်ထိ RCSS/SSA နဲ့ TNLA တို့အကြား နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ပြည်သူ ၂ဝဝဝ ထောင်နီးပါး နေရပ်ပြန်လိုနေကြပါတယ်။ “တိုက်ပွဲဖြစ်တော့ ကျနော်တို့ စိုက်ခင်းတွေကို ဒီအတိုင်းထားခဲ့ပြီး ထွက်ပြေးခဲ့ရတယ်။ အခုလို စိုက်ပျိုးရာသီ စစ်ဘေးရှောင်နေရတော့ အိမ်လည်း မပြန်နိုင် စိုက်ခင်းတွေလည်း ပြန်ပြီး ကြည့်လို့ မရဘူးဖြစ်နေတယ်။ စပါးခင်တွေ ရေရလား၊ မရဘူးလာလည်း မသိဘူး။ မြေသြဇာလည်း မလိုက်ရဘူး။ ရွာကပြောင်း စိုက်တောင်သူ ပြောင်းခြံတွေဆိုလည်း ပေါင်းမလိုက်ကြဘူးဖြစ်နေတယ်။ ဒီလိုသာ စစ်ရှောင်ရတာကြာနေရင် ကျနော်တို့ မိသားစုတွေအတွက် လာမယ့်နှစ်မှာ စားဝတ်နေရေး ခက်ခဲသွားမယ်။ ဒါကြောင့် ကျနော်တို့တွေ ကိုယ့်ရွာကိုယ်ပြန်ပြီး စိုက်ပျိုးရေးလုပ်ငန်းခွင်ထည်း ပြန်ချင်တယ်” လို့ လုံမိတ်ကျေးရွာက ဦးစိုင်းက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ပန်လုံ၊ မိုင်းမု၊ မန်စံကျေးရွာအုပ်စုတွေက ပြည်သူလူထုတွေဟာ နမ္မတူမြို့နယ်က မန်စံကျေးရွာက မြောက်ကျောင်း၊ ကမ္မဌာန်းကျောင်း၊ TEC ဘော်ဒါဆောင်၊ မိုင်းမု ဘုန်းကြီးကျောင်း၊ သီပေါမြို့နယ်က မန်လီ၊ ပန်သပြေနဲ့ ဘိုးတော်ကျောင်းတွေမှာ ယာယီစစ်ဘေးတိမ်းရှောင်နေရပါတယ်။ နှစ်ဖက်ထိတွေ့မှုတွေကြောင့် နမ္မတူမြို့ကနေ သီပေါမြို့ကို သွားတဲ့ကားလမ်းမပ်ါက ပန်လုံ၊ ပန်သပြေ၊ ကောင်းဟုန်း၊ နမ့်စီလင်း၊ ဆန်ခါ၊ စတဲ့ စာသင်ကျောင်းတွေ ပိတ်ထားရ ပါတယ်။ “ကျနော်တို့ ရွာက စာသင်ကျောင်းတွေပိတ်ထားရတယ်။ မူလတန်းကလေးတွေ အားလုံး ကျောင်းမတက်ရဘူး။ ငါးတန်းရဲ့အထက်ကတော့ ကျောင်းတက်ရတယ်။ မန်စံက ကျောင်းမှာ တက်ရတယ်။ ကျနော်တို့ ကလေးတွေ ပညာရေးနောက်မကျအောင် တိုက်ပွဲတွေ အမြန်ငြိမ်းအေးစေချင်တယ်” လို့ စစ်ရှောင်ရွာ သားတဦးက ဆိုပါတယ်။ လက်ရှိအချိန်မှာ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုတစ်ဝိုက်မှာ မြန်မာတပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) တပ်တွေ လှုပ်ရှားနေပေမယ့် မနေ့ကနဲ့ ဒီနေ့မနက်တော့ နှစ်ဖက်ပစ်ခတ်သံတွေ မကြားရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024