ထိုင်းတောင်ပိုင်းမှ မြောက်ပိုင်းသို့ ဘီးတပ်ကုလားထိုင်စီးပြီး အလှူငွေလိုက်ကောက်သူ

ဓာတ်ပုံ - khaosod
ထိုင်းနိုင်ငံက မသန်စွမ်းအမျိုးသား ၁ ဦးဟာ ဘဝတူ မသန်စွမ်းကလေးတွေအတွက် အလှူငွေရရှိဖို့ ဘီးတပ်ကုလားထိုင်ကို တွန်းပြီး ထိုင်းနိုင်ငံ တောင်ပိုင်းကနေ မြောက်ပိုင်းအထိ ရောက်ရှိလာပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိ နိုင်းဆာထစ် ကျန်ထရန်းဆီ ခေါ် လုံးမီဆိုသူ အမျိုးသား ၁ ဦးဟာ မွေးရာပါ အောက်ပိုင်း မသန်စွမ်းသူတဦး ဖြစ်ပေမယ့် လူမှုကူညီရေး လုပ်ငန်းတွေမှာ  စိတ်အားထက်သန်စွာ တတ်နိုင်သလောက် ကူညီတတ်သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ သူဟာ ထိုင်းတနိုင်ငံလုံးရှိ မသန်စွမ်းကလေးများ စာသင်ကျောင်း ၄၈ ကျောင်းအတွက် ထောက်ပံ့ပေးလိုတဲ့ အာသီသ ရှိတာကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာခရိုင်ကနေ မြောက်ပိုင်း ချင်းမိုင်ခရိုင်ထိ ဘီးတပ်ကုလားထိုင်စီးပြီး အလှူငွေတွေ ကောက်ခံဖို့ စိတ်ကူးရခဲ့ပါတယ်။ သူဟာ ဇွန်လ ၉ ရက်နေ့ကစပြီး ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ကနေ ခရီးထွက်လာခဲ့ရာမှာ သြဂုတ် ၁၆ ရက်နေ့မှာတော့ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် လမ်းပန်းမြို့ကို ရောက်ရှိလာပါတယ်။ မနေ့က ကောက်ခံရရှိ အလှူငွေ စုစုပေါင်း ၁၉၇၀၂ ဘတ်ကို လမ်းပန်းရှိ ကရုန်ထိုင်းဘဏ်ကို လာရောက်အပ်နှံရာမှာ ဘဏ်ဝန်ထမ်းနဲ့ တာဝန်ရှိသူတွေက လှိုက်လှဲစွာ ကြိုဆိုပြီး ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ ဇွန်လ ၉ ရက်ကနေ သြဂုတ် ၁၆ ရက်နေ့ထိ အလှူငွေ စုစုပေါင်း ဘတ် ၃ သန်းနဲ့ ၂ သိန်း ရရှိခဲ့ပြီလို့ ဆိုပါတယ်။ သူရည်မှန်းထားတဲ့ အလှူငွေ ပမာဏကတော့ ဘတ် ၄ သန်းနဲ့ ၈ သိန်းဖြစ်ပြီး မသန်စွမ်းကျောင်းပေါင်း ၄၈ ကျောင်းအတွက် တကျောင်းကို ဘတ် ၁ သိန်းစီ လှူဒါန်းဖို့ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကို ထောက်ခံအားပေးတဲ့အနေနဲ့ ရောက်လေရာမြို့က တည်းခိုခန်းတွေမှာ အခမဲ့တည်းခိုခွင့် ရရှိပြီး တခြား ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရသူ မသန်စွမ်းသူတွေလည်း လိုက်ပါပူးပေါင်းကာ အလှူငွေတွေ ကူညီကောက်ခံပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up