DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပဋိပက္ခအ​တွင်း​​ ၇၇ ဦး​ ​သေဆုံးဟု အစိုးရပြော
DVB
·
July 30, 2012
ရခိုင်ပြည်နယ်ပဋိပက္ခအ​တွင်း​​ ၇၇ ဦး​ ​သေဆုံးဟု အစိုးရပြော
1 / 2
Donate to DVB

မြန်မာအစိုးရက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်းမှာ လူပေါင်း ၇၇ ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဟောင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်ပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၀န်ကြီး ဦးခင်ရီတို့က အဓိကရှင်းလင်းတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ရှင်းလင်းချက်ကို ဒီဗွီဘီ သတင်းထောက် ကိုဇေကြီးက ခုလို ရှင်းပါတယ်။

“အခုလက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အတိုချုပ်ရှင်းကြတာပေါ့။ သေဆုံးစာရင်းကတော့ ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၄၆ ဦး၊ စုစုပေါင်း ၇၇ ဦး သေဆုံးတယ်။ ပဋိပက္ခဖြစ်ပွားစဉ်အချိန်ကနေပြီးတော့ အခုလက်ရှိထိ ဒုက္ခသည်စုစုပေါင်း ရခိုင်တိုင်းရင်းသားလူမျိုးက ၂၄၂၁၅ ဦးရှိတယ်။ ဘင်္ဂါလီလူမျိုးက ၂၀၈၁၂ ဦးရှိတယ်။ စုစုပေါင်း ၅၂၂၂၇ ဦး ရှိတယ်ဆိုတဲ့အကြောင်း ၀န်ကြီး ပြောသွားတယ်။”

ဒီသတင်းစာရှင်းလင်းပွဲဟာ ရခိုင်ပြည်နယ်အခင်းမှာ မွတ်ဆလင် ထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်ဆိုတဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ ဖော်ပြချက်ကို တရားဝင်တုံ့ပြန်လိုက်တဲ့ အစိုးရဆောင်ရွက်ချက်ဖြစ်သလို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား မြန်မာပြည်ရောက်နေချိန်လည်း ဖြစ်ပါတယ်။

နယ်စပ်ရေးရာနဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးရဲ့ ရှင်းလင်းချက်ကို ကိုဇေကြီးက ခုလို ရှင်းပြပါတယ်။

“အခုဆိုရင် ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့တွေက မြန်မာနိုင်ငံကို ခြိမ်းခြောက်လာတယ်လို့ မေးကြတယ်ပေါ့နော်။ နယ်စပ်နဲ့ ပြည်တွင်းလုံခြုံရေးကို ၀န်ကြီးတို့ ဘယ်လောက်အထိတောင် လုပ်ထားလဲဆိုတော့ သူက လုံခြုံရေး အပြည့်အ၀ ရှိပါတယ်လို့ တခွန်းတည်း ဖြေသွားတယ်ဗျ။ နောက်တခုက ယူအန် အပါအ၀င် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက ၁၀ ဦးကို ဖမ်းပြီး စစ်ဆေးတဲ့ဟာမှာ ၁ ဦးကို လွှတ်ပေးလိုက်ပြီး ကျန်တဲ့ ၉ ဦးကတော့ ပဋိပက္ခ ဖြစ်ပေါ်စေရန် လှုံ့ဆော်တဲ့ အထောက်အထားတွေ ရှိတဲ့အတွက် တရားဥပဒေအရ အရေးယူသွားမယ် အဲဒါကို ထည့်သွင်း ပြောသွားတယ်။”

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၀န်ကြီး ဦးခင်ရီရဲ့ ရှင်းလင်းချက်နဲ့ ပတ်သက်လို့ ကိုဇေကြီးက ခုလို ရှင်းပြပါတယ်။

“ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုး မဟုတ်ဘူး။ လူမျိုးတမျိုးအနေနဲ့ မပါဘူး။ နောက်ပိုင်း ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲတခု လုပ်သွားမယ်လို့လည်း ပြောတယ်။”

ဒီသတင်းစာရှင်းလင်းပွဲကို မြန်မာပြည်ရောက်နေတဲ့ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ ကင်တားနားအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားစတဲ့ သံတမန်တွေ၊ ဘာသာကြီး ၄ ခုက ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေ သတင်းထောက်တွေ တက်ရောက်နားထောင်တယ်လို့ ဆိုပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013