Home
မြန်မာသတင်း
ငွေလဲနှုန်းဒဏ်ကို အောက်ခြေဆင်းရဲသားများ အဆိုးဆုံး ခံစားနေရ
နေသွင်
·
July 30, 2012
မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့နေရာမှာ မြန်မာကျပ်ငွေ တန်ဖိုးမြင့်မားနေတဲ့ ဂယက်ကို အဆိုးဆုံးခံစားရတဲ့သူတွေက အောက်ခြေက ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်တဲ့ ဆင်းရဲသားတွေ ဖြစ် တယ်လို့ သိရပါတယ်၊၊ ဒီဂယက်က အချိန်ကြာလာတာနဲ့အမျှ အခုအခါ ပိုပြီး သိသာလာတယ်လို့ နိုင်ငံခြားပို့ကုန်လုပ်ငန်းနဲ့ ချိတ်ဆက်နေတဲ့ ထုတ်လုပ်မှုကဏ္ဍက တာဝန်ရှိသူတွေ ပြောကြပါတယ်၊၊ ဥပမာ အထည်ချုပ်လုပ်ငန်းဆိုရင် မနှစ် နှစ်ကုန်လောက်က စလို့ ငွေလဲနှုန်းနဲ့ ဒဏ်ကို ခံစားနေရ တာပါ၊၊ ပြည်တွင်းမှာ ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်က မြင့်နေ သလောက် ၊ ငွေလဲနှုန်းကြောင့် ပို့ကုန်က ရတဲ့ တန်ဖိုးက နည်းနေတာကြောင့် လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမြင့်စိုးက အခြေအနေကို အခုလို ရှင်းပြပါတယ်။ “ကျနော်တို့က ဂျပန်တို့ ကိုးရီးယားတို့နဲ့လုပ်နေရတာ၊ သူတို့က လူဦးရေနည်းတယ်။ ဈေးကွက်ရဲ့ အခွင့်အလမ်းက တိုးတက်လာခြင်းမရှိပေမယ့် လူနေမှုစရိတ်တက်လာတယ်၊ အထွေထွေကုန်ကျစရိတ်တွေ တက်လာတယ်။ လုပ်အားခ ဈေးတွေတတ်လာတယ်။ ဒေါ်လာဈေးကျတာ အောက်ကနေ ပင့်တက်လိုက်သလို ဖြစ်တော့ ဒုက္ခရောက်တယ်။ နောက် အခုဆိုရင် ကမ္ဘောဒီးယား အထည်ချုပ် အလုပ်သမား နီးနီးလောက် ၁၀၀၊ ၁၀၀ ကျော် ဈေးတက်လာတာပေါ့။ နိုင်ငံတကာပုံစံမျိုး ဖြစ်ချင်တယ်။ သူများရတဲ့ဈေးကွက် ကိုယ်လည်းလိုချင်တယ်။ နောက် ဒုတိယအချက်က မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ လျှော့ချချင်တယ်။ ဒါ ရုံးလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်တွေပေါ့။ သယ်ယူပို့ဆောင်ခတို့ အထွေအထွေစရိတ်ခေါ်တာပေါ့။ မြင်သာအောင် ပြောရင် ရန်ကုန်ဆိပ်ကမ်းကနေ စက်မှုဇုန်ကို တင်တဲ့ ကွန်တိန်နာ တလုံးရဲ့ ကားခက ရန်ကုန်ဆိပ်ကမ်းကနေ စင်ကာပူဆိပ်ကမ်းကိုပို့တဲ့ သင်္ဘောခရဲ့ ၂ ဆရှိတယ်။ ကုန်ကျစရိတ်ကကြီး၊ ဒေါ်လာက တက်၊ အဲတော့ ကျနော်တို့က ရလာတဲ့ ငွေက ဒေါ်လာနဲ့။ ငွေလဲနှုန်းကနည်းနေတော့ ကျနော်တို့ ၀င်ငွေကနည်း။ ကုန်ကျစရိတ်ကတော့ အကုန်လုံး စရိတ်တွေတက်။ စခဲ့တာတော့ ၂၀၁၁ အောက်တိုဘာလောက်ကနေ အစပျိုးခဲ့တာပေါ့။” ဒီဂယက်ကို အခုဆိုရင် အထည်ချုပ်ငန်းငန်းအသင်းဝင် အထည်ချုပ်စက်ရုံ ၂၀၀ ၀န်းကျင်လုံး ခံစားနေရပြီလို့ ဦးမြင့်စိုးက ပြောပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့ ပို့ကုန်ကနေ အမြတ်အစွန်းနည်းတာကြောင့် အလုပ်သမားတွေကိုလည်း လုပ်ခတိုးပေးဖို့ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ အခုလို အမြတ်အစွန်းနည်းတဲ့ အထည်ချုပ်လုပ်ငန်းမှာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ အခက်အခဲ ရှိနေဦးမှာဖြစ်လို့ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးလာဖို့ကတော့ လွယ်ကူမှာမဟုတ်ဘူးလို့ ဦးမြင့်စိုးက ပြောပါတယ်။ “ဘယ်အထည်ချုပ်ကိုမှ ဘယ် ခရိုနီမှလည်း စိတ်မ၀င်စားဘူး။ လုပ်ရတာလည်း မလွယ်ဘူး။ ရေလုပ်သားဆိုရင် လှေနဲ့ ဖက်ပြီး နပန်းလုံးရတယ်။ လယ်ယာသမားဆိုရင် နွားနဲ့ ဖက်ရုန်းရတယ်။ ကျနော်တို့က အလုပ်သမားနဲ့ ဖက်ပြီး ဒိုးတူဘောင်ဖက်ပြီး လုပ်စားရတဲ့ အလုပ်။ အဲတော့ ခရိုနီကလည်း စိတ်မ၀င်စားဘူး။ အာဏာပိုင်မိသားစုကလည်း စိတ်မ၀င်စားဘူး။ ကျနော် ဘာမှ မဖြစ်သေးဘူး လူတွေ လာပြီး ပြန်တယ် လာပြီးပြန်တယ်။ စဉ်းစားစရာတွေ တွေ့တွေ့သွားတာကို။ မတူတာတွေက အများကြီး တွေ့သွားတာ။ မသေချာတာတွေလည်း အများကြီး ရှိတယ်။ ခင်ဗျားလည်း ဒီအတိုင်းပဲလေ။ နိုင်ငံခြားသွားပြီး စီးပွားရှာမယ်ဆိုရင် သေချာမှုကို အရင်ရှာရတာကို။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်မြေဒေသမှာ ကိစ္စမရှိဘူး။ သူများနိုင်ငံမှာ rate များတယ်ဆိုတာ ပြဿနာရှိတယ်လေ။” အထည်ချုပ်လုပ်ငန်းရပ်တည်နိုင်ဖို့ဆိုရင် ၁ ဒေါ်လာ ကျပ် ၉၅၀ ဈေးပေါက်ဖို့ လိုပြီး ၁၀၀၀ အထက်ရမှပဲ အမြတ်အစွန်းရနိုင်မယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။ ဒီလို ငွေလဲနှုန်းဒဏ်ကို အထည်ချုပ်လုပ်ငန်းတခုတည်းက ခံစားနေရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ငါးလုပ်ငန်း လုပ်ငန်းအဖွဲ့ချုပ်မှအတွင်းရေးမှူး ဦးဝင်းကြိုင်ကလည်း ၂၀၁၀ နှစ်ကုန်ပိုင်းကနေ အခုအထိ ကြုံနေရတဲ့ ငါးလုပ်ငန်းရဲ့အခက်အခဲကို အခုလို ရှင်းပြပါတယ်၊၊ “အခု ငွေဈေးကျတဲ့အတွက် မြန်မာပြည်မှာ အထိနာဆုံးနေရာကို ပြပါဆိုရင်တော့ ကျေးလက်ဒေသ အခြေခံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေပဲ။ ဒီလုပ်ငန်းတွေ ထိခိုက်သွားတာ။ ငွေဈေးကတော့ အရင်က ၁ ထောင်ကျော်က အဆင်ပြေခဲ့တော့ ၁ ထောင်လောက်နဲ့ ငွေဈေးရခဲ့ရင် အဲ့ ၁ ထောင်လောက်နဲ့ ဖြစ်ပေါ်လာတဲ့ ငွေဈေးကြောင့် ညှိပြီးဖြစ်ပေါ်လာတဲ့ ငါးဈေးကို မှန်းခဲ့တော့ ငွေဈေးကလည်း ၁ ထောင်မပြည့်ဘူး။ ၉၀၀ လောက်ရှိပြီးမှ ၈၇၀ လောက်ပြန်ကျနေတော့ ၁ ထောင်နီးပါးလည်း မဖြစ်သေးတော့ ငွေဈေးနဲ့ညီတဲ့ ငါးဈေးကလည်း မဖြစ်သေးတဲ့အခါကျတော့ မျှော်မှန်းလို့မရတဲ့ ငါးဈေးရယ်၊ တဖက်က အစာရှားလို့ တက်လာတဲ့ အစာဈေးရယ်၊ ထုတ်လုပ်မှုစရိတ် တက်လာတာရယ်ဆိုတော့ ကျနော်တို့က ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းတွေကတော့ ၂၀၁၂ ခုနှစ်ကို ခက်ခက်ခဲခဲကျော်ဖြတ်ရမယ့် နှစ်ထဲမှာ ပါနေတယ်။” မြန်မာပြည်ကနေ မွေးမြူရေးငါး မက်ထရစ်တန် ၁ သိန်းဝန်းကျင်း (တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၁၁၀ ၀န်းကျင်) ၃ နှစ်ဆက်တိုက် နိုင်ငံခြားကို တင်ပို့နေတာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံခြား ငါးဈေးကွက်ဟာ ပုံမှန်ရှိနေပြီး တင်ပို့တဲ့ ပမာဏကလည်း ပုံမှန်လိုရှိနေတာပါ။ ဒါပေမယ့် နိုင်ငံခြား ငွေလဲနှုန်းကို လိုက်လို့ ပြည်တွင်း ငါးဈေးနှုန်းကလည်း ကျဆင်းနေတာကြောင့် အောက်ခြေက ငါးလုပ်ငန်း လုပ်ကိုင်သူတွေကို အထိနာစေပါတယ်လို့ ဆိုပါတယ်။ “ကမ္ဘာ့ဈေးကွက်မှာ အရင်တုန်းက ကျနော်တို့က ငါးကြင်း ၁ ကီလိုကို ၁ ဒေါ်လာခွဲ ရတယ်ဆိုရင် အခုလည်း ၁ ဒေါ်လာခွဲ ရနေတာပဲ။ သို့သော်လည်း အဲဒီဒေါ်လာကို မြန်မာငွေနဲ့ ဖလှယ်တဲ့အခါမှာ မြန်မာငွေကမာတယ်ပြောမလား။ တန်ဖိုးတက်တယ်ပြောမလားပဲ အရနည်းသွားတယ်ဗျာ။ ကျနော်တို့အတွက် ထုတ်လုပ်မှု စရိတ်နဲ့ကျတော့ ကျနော်တို့ ရှုံးတယ်။ စားသောက်ကုန်ဖြစ်တဲ့အတွက် ဈေးကွက်သစ်တွေက ရှိပါတယ်။ ပြည်ပရော ပြည်တွင်းရော ဈေးကွက်ရှိတယ်။ သူ့ဈေးနဲ့သူလည်း ဖြစ်နေပါတယ်။ သို့သော် ဖြစ်နေတဲ့ဈေးက ထုတ်လုပ်မှု စရိတ်နဲ့ အောက်မှာပဲ ဖြစ်ပြီး ထုတ်လုပ်သူတွေ မကိုက်ဖြစ်နေတာပေါ့။ ပြုတ်မသွားတာ ရပ်မသွားတာက စားသောက်ကုန် ဖြစ်တဲ့အတွက်ကြောင့် လူတွေအတွက် မရှိမဖြစ် လိုနေတယ် ဈေးကွက်လည်း ဖြစ်နေတဲ့အတွက် ဒီဈေးကွက်ကို ၀ိုင်းပြီးတော့ လုပ်ခွင့်ရတဲ့အတွက် ရပ်တော့မသွားဘူး။ အရင်းတွေကတော့ လျော့သွားတယ်။ ပျောက်သွားတယ်။ အဲဒီတော့ ထုတ်လုပ်နေတဲ့ ပစ္စည်းကလည်း အကျိုးအမြတ်ရယ်လို့ ကောင်းကောင်းမရှိတော့ ထုတ်လုပ်မှုကတော့ လျော့သွားတာ အမှန်ပဲ။ အရင်းကြောင့် လျော့တာပါတယ်။ အမြတ်မရတော့လို့ လျော့သွားတာ ပါတယ်။ ၄၀ ရာခိုင်နှုန်းလောက် ငါးမွေးမြူရေးလုပ်ငန်းက လျော့သွားတယ်လို့ ကျနော်တို့ ထင်တယ်။” အလားတူ ပြဿနာနဲ့ ဆန်စပါးထုတ်လုပ်မှုကဏ္ဍမှာလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒီနှစ်ဆန်းပိုင်းကနေ ဇူလိုင်လကုန်အထိ ဆန်စပါးတင်ပို့မှုဟာ ၃ သိန်း ၀န်းကျင်ပဲ တင်ပို့နိုင်တာကြောင့် အရင်နှစ်တွေက ဒီအချိန်နဲ့ နှိုင်းယှဉ်ရင်တောင် တန်ချိန် ၁ သိန်းခွဲလောက် ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းက တွဲဖက် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။ “နိုင်ငံတကာဆန်ဈေးကျတယ်။ ဒုတိယက ငွေလဲနှုန်းကျတယ်။ တတိယအချက်ကတော့ ပို့ကုန်သမားတွေအတွက် ဈေးပိုရတဲ့ အခွင့်အရေးက မရှိတော့တဲ့အပြင် ပြင်ပဈေးထက် ပိုပြီးနည်းနေတယ်။ ဒီအချက်တွေ ပေါင်းဆုံတော့ ပို့ကုန်သမားတွေအတွက်က အဆင်မပြေဘူးပေါ့။  export မရှိတော့ ပြည်တွင်းဈေးထိုးကျလာတာပေါ့။  တကယ်တမ်း စပါးဈေးက အရင်တသက်လုံးရှိတာကတော့ စပါး ၁၀၀က ရွှေတကျပ်သားနဲ့ညီတယ်။ ရွှေ တသိန်းဆို စပါးတသိန်းပေါ့။ ဟိုး အဖိုးအဖွားလက်ထက်ကတည်းကပဲ။ အခု ရွှေက ၇ သိန်းဖြစ်တဲ့အချိန်မှာ လယ်သမားတွေ စပါးက ၃ သိန်းမပြည့်ဘူး။ ကျန်တဲ့စရိတ်တွေက လိုက်တက်လာတာ။ ဆေးကုသစရိတ်၊ ပညာရေးနဲ့ပတ်သက်တဲ့ စရိတ်၊ လူမှုရေးသုံးတဲ့စရိတ်၊ ဘ၀နေထိုင်မှုစရိတ်တွေလည်း တက်လာတာပေါ့။ တက်လာပြီး လယ်သမားစပါးဈေးက ကျန်နေတော့ ဒါတွေက ပြန်စဉ်းစားစရာဖြစ်လာတာပေါ့။” လောလောဆယ် ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်းကျဆင်းနေတဲ့အတွက် လယ်သမားတွေက စိုက်ပျိုးရေးကို ဂရုမစိုက်တာအပြင်၊ ဒီနှစ် ရာသီဥတု ဆိုးတာပါ ကြုံနေရတဲ့အတွက် ဆန်စပါးထုတ်လုပ်မှုက ဆက်ပြီး ကျဆင်းနေဦးမယ်လို့ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024