ရေဆိုးမြောင်းတွင်း စွန့်ပစ်ခံရသည့် ချက်ကြိုးတန်းလန်းနှင့် ကလေးငယ်အား ကယ်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရေဆိုးမြောင်းတွင်း စွန့်ပစ်ခံခဲ့ရတဲ့ မွေးကင်းစကလေးငယ်လေးကို မျက်မြင်တွေ့ရှိသူတဦးက ကယ်တင်နိုင်ခဲ့တယ်လို့ မေရာသတင်းမှာ သြဂုတ် ၁၆ ရက်နေ့က ဖော်ပြပါတယ်။ ကလေးငယ်ဟာ အရှိန်နဲ့စီးနေတဲ့ ရေဆိုးမြောင်းတွင်း ရှိနေခဲ့တာဖြစ်ပြီး သူ့ရဲ့ အော်ဟစ်ငိုယိုသံကို ကြားခဲ့ပြီးနောက်မှာ ခုလို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ဟာ ယောက်ျားလေးတဦးဖြစ်ပြီး သူ့ရဲ့လည်ပင်းမှာ ချက်ကြိုးပတ်လျက်သား အခြေအနေနဲ့ တွေ့ခဲ့ရတာပါ။ ဒီအခြေအနေကို မျက်မြင်တွေ့ရှိသူတဦးက မှတ်တမ်းတင်ရုပ်သံ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဂီးတာ အမည်ရတဲ့ အမျိုးသမီးဟာ ကလေးငယ်ကို မြောင်းအတွင်းကနေ ဂရုတစိုက် ဆွဲထုတ်ခဲ့တာကို တွေ့ရပြီး နောက်ပိုင်းမှာတော့ ချက်ကြိုးတွေကို ရှင်းလင်းသန့်စင်ပေးခဲ့တာ ဖြစ်ပါတယ်။ “ကျမ အမြန်ဆုံး ကယ်တင်ပေးနိုင်ခဲ့တာပါ။ ဒါက အရေးကြီးပါတယ်။ ဘေးမှာလည်း လူတွေ ဒါဇင်နဲ့ချီ ရပ်ကြည့်နေခဲ့ကြတာ။ ကလေးတယောက်ကို ခုလိုမြင်ရတာ နာကျင်ရပါတယ်။ သူ့ကို အမြန်ဆုံးသာ မကယ်လိုက်နိုင်ရင် ချက်ကြိုးက လည်ပင်းမှာတင်းလာပြီး အသက်ဆုံးသွားနိုင်ပါတယ်။” အဲဒီနောက်တော့ ကလေးငယ်ကို အသက်ရှူနိုင်အောင် ကုသမှုခံယူဖို့ အနီးနားက အက်ဂ်မိုးရ်ဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ရဲတွေကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းရှာဖွေမှုတွေ လုပ်ဆောင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up