DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းအဖွဲ့ချုပ်နှင့် ၀န်ကြီးဦးအောင်မင်းတို့ အပစ်ရပ်ရေး အကြိုဆွေးနွေး
DVB
·
July 30, 2012
ပအိုဝ်းအဖွဲ့ချုပ်နှင့် ၀န်ကြီးဦးအောင်မင်းတို့ အပစ်ရပ်ရေး အကြိုဆွေးနွေး
Donate to DVB

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး ခွန်သူရိန် အပါအ၀င် အဖွဲ့ဝင် ၇ ဦးဟာ မြန်မာနိုင်ငံတွင်းရောက်ရှိနေပြီး ဇူလိုင် ၂၈ ရက်နေ့ က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ အပစ်အခတ်ရပ်စဲရေးမလုပ်ခင် အကြိုဆွေးနွေးတာဖြစ်ပြီး ပြည်တွင်းကို သွားရောက်လေ့လာတာလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောပါတယ်။

“ဦးအောင်မင်းနဲ့ အီးဂရက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ပါတယ်။ ကျနော်တို့ ဆွေးနွေးခဲ့ကြ တာကတော့ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်တုန်းက ဘန်ကောက်မှာ တွေ့ခဲ့တဲ့ အဆက်ပါ။ အဲဒီမှာ တွေ့တုန်းက အဲဒီမှာ ဆွေးနွေးခဲ့တဲ့ အချက်တွေကို ထပ်မံဆွေးနွေးတာပဲ ဖြစ်ပါတယ်။ မပြီးသတ်သေးပါ ဘူး။ ပြီးခဲ့တဲ့ သြဂုတ်လမှာ နောက်တခေါက် ထပ်တွေ့မယ်။ အဓိကတော့ အပစ်အခတ် ရပ်စဲရေး မလုပ်သေးမီ ကာလမှာ ကျနော်တို့က ပြည်တွင်းမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ အနေအထားလေးတွေကို ၀င်ရောက်လေ့လာတဲ့ သဘောပါပဲခင်ဗျ။  အဲဒီလေ့လာမှုကနေ ဆွေးနွေးကြတဲ့ သဘောပါပဲဗျ။”

ဦးခွန်မြင့်ထွန်းတို့အဖွဲ့ဟာ ခရီးစဉ်အတွင်း သထုံမြို့ကိုလည်း ၀င်ရောက်ပြီး ရဟန်းသံဃာတော်တွေကို ဖူးမြော်ခဲ့ကြသလို အန်အယ်လ်ဒီရုံးကို သွားရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် တာချီလိတ်မြို့ကိုလည်း ၀င်ရောက်လေ့လာခဲ့ကြရာမှာ အရင်ကနဲ့မတူတဲ့ အပြောင်းအလဲတွေ တွေ့ခဲ့ရတယ်လို့ ဗိုလ်မှူးကြီး ခွန်သူရိန်က ဆိုပါတယ်။

“ရန်ကုန်ကနေ ဒီမနက် ၁၁ နာရီက ထွက်ခွာပြီး ကျနော်တို့ တာချီလိတ်မြို့ကို ရောက်နေပါပြီ။ တာချီလိတ်မြို့ကို ၀င်ရောက် လေ့လာတဲ့အချိန်မှာ ပြောင်းလဲမှုလေးတွေတော့ ကျနော်တို့ တွေ့ရပါတယ်။ ဥပမာ ဟိုးအရင်တုန်းက လွတ်လပ်မှု မရှိတဲ့ ဆန္ဒဖော်ထုတ်မှု ကိစ္စတွေလိုဟာမျိုးတွေ တွေ့ရပါတယ်။ နောက်တခုက တစချင်း တစချင်း သွားရမယ်ဆိုတော့ နည်းနည်းလေး ပွင့်ပွင့်လင်းလင်းလေး ပြောဆို ဆွေးနွေးတဲ့ ဟာမျိုးလည်း တွေ့ရပါတယ်။”

အခုလို ဆန္ဒဖော်ထုတ်မှုတွေ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်ပေးလာတဲ့ အပေါ်ကိုလည်း ကောင်းတဲ့လက္ခတရပ်အဖြစ် မြင်တယ်လို့ ပြောပါတယ်။

“ဒါက ကောင်းတဲ့လက္ခဏာအစပိုင်းလို့ မြင်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်ရဲ့ မတူကွဲပြားခြားနားမှုတွေကို ရပ်တည်ခွင့်ပေးရမယ်။ ပြိုင်ဘက်တွေကို ရှင်သန်ခွင့် ပေးရမယ်။ ပြိုင်ဘက်သိခွင့် ရှိရမယ်။ ဒါတွေက တကယ့်ဒီမိုကရေစီရဲ့ အသွင်သဏ္ဌာန်ပါပဲ။ အခု ဒီလိုမျိုး စတင်ပြီးတော့ လှုပ်ရှားခွင့်လေးတွေ စုရုံးခွင့်လေးတွေ ရလာတယ်ဆိုတာကတော့ ပြောင်းလဲမှုရဲ့ အစပိုင်း ခြေလှမ်းကောင်းသော လက္ခဏာပဲလို့ ပြောချင်ပါတယ်။”

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်မြင့်ထွန်း အပါအ၀င် အဖွဲ့ဝင် ၇ ယောက်ဟာ မြန်မာနိုင်ငံထဲကို ဇူလိုင် ၂၃ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့က ပအိုဝ်းအမျိုးသား ခေါင်းဆောင်တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013