Home
မေးမြန်းခန်း
အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့များအကြောင်း မေးမြန်းချက်
DVB
·
August 17, 2018
၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ် ၁၈ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၈ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အမျိုးသားဘောလုံး၊ ဝူရှူး၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ လှေလှော်၊ မြားပစ်၊ တိုက်ကွမ်ဒို စတဲ့ အားကစားနည်းတွေမှာ ကစားသမား ၁၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ အာရှအားကစားပြိုင်ပွဲနဲ့ ပတ်သက်လို့ အားကစားကလောင်ရှင် ချစ်ဝင်းမောင်ကို ဒီဗွီဘီ ဝိုင်းတော်သား ကိုရွှေအောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး - အာရှပြိုင်ပွဲနဲ့ မြန်မာနိုင်ငံနဲ့ သမိုင်းကြောင်းမှာ အရင်တုန်းက ဘယ်လို အဆက်အသွယ်ရှိဖူးလဲ။ မြန်မာက ဘယ်လောက်အထိ နိုင်ပွဲရလဒ်မျိုးတွေ အောင်မြင်မှုရဖူးလဲ။ ဖြေ - အာရှအားကစားပြိုင်ပွဲက ဒီနှစ်ကတော့ အင်ဒိုနီးရှားနိုင်ငံ ပလန်ဘန်းမှာ လာမယ့် သြဂုတ် ၁၈ ရက်မှာ စမယ်။ သမိုင်းကြောင်း ပြောရမယ်ဆိုရင် Asian Game ကတော့ အာရှမှာ အစဉ်အလာကြီးတဲ့ အားကစားပြိုင်ပွဲတခုပေါ့။ ဘောလုံးတခုတည်း မဟုတ်ဘူး။ အိုလံပစ် အားကစား တော်တော်များများ ပါဝင်ပါတယ်။ မြန်မာက အာရှဂိမ်းမှာ ပါဝင်ပတ်သက်မှု ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၁၉၅၁ ခုနှစ်မှာ အာရှအားကစားပြိုင်ပွဲတွေကို ပထမဦးဆုံး စတင်ပြီး ကျင်းပခဲ့တယ်။ အဲဒီအချိန်ကနေ အခု ၂၀၁၈ ခု အာရှဂိမ်းအထိ မြန်မာက နှစ်စဉ်လိုလို ပြိုင်ပွဲမှာ ဝင်ပြိုင်တယ်။ ဒါပေမယ့် ၁၉၈၆ တောင်ကိုရီးယားမှာ ကျင်းပတဲ့ပွဲမှာမှ မပါခဲ့ဘူး။ ကျနော်ဖတ်ခဲ့ရသလောက်ဆိုရင် အာရှဂိမ်းကို Founding Memeber ဒီလို အာရှအားကစားပြိုင်ပွဲကို စတင်ကျင်းပဖို့ စုစည်းတဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံ စတင်ပါဝင်ခဲ့တယ်။ အလားတူပဲ မြန်မာနိုင်ငံက အာရှအားကစားပြိုင်ပွဲမှာ အစဉ်အလာရှိခဲ့တဲ့ အသင်းတသင်းပါ။ ဘာလို့ ပြောနိုင်လဲဆိုတော့ ၁၉၆၆ အာရှဂိမ်း ဘန်ကောက်မှာလုပ်တဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းက ချန်ပီယံဖြစ်ပြီး ရွှေတံဆိပ်ဆု ရခဲ့တယ်။ နောက်တခါ ၁၉၇၀ မှာ နောက် ၄ နှစ် တကြိမ် ကျင်းပတယ်။ ဘန်ကောက်မှာပဲ ကျင်းပတဲ့ အာရှဂိမ်းပြိုင်ပွဲမှာလည်း မြန်မာဘောလုံးအသင်းကပဲ နောက်ထပ် ရွှေတံဆိပ်တခု ထပ်ရခဲ့တယ်။ အဲဒီတုန်းကတော့ ဘောလုံးရွှေခေတ်ကိုး။ အာရှအားကစားပြိုင်ပွဲအကြောင်း ပြောမယ်ဆိုရင် ဘောလုံးကတော့ အဓိက ပါလာတာပေါ့လေ။ အဲဒီမှာ မြန်မာက အာရှအားကစားပြိုင်ပွဲမှာ ဘောလုံးနဲ့ပတ်သက်ပြီး အောင်မြင်မှုက တော်တော်လေး ကြီးကြီးမားမား ရှိခဲ့တယ်။ ဒီဘက်နောက်ပိုင်းမှာတော့ အောင်မြင်မှုနဲ့ အရမ်းဝေးသွားပါပြီ။ မေး - ကျနော်မှတ်မိသလောက် ကျနော်တို့ငယ်ငယ်က အာရှအားကစားပြိုင်ပွဲတွေ လုပ်ရင် ပြေးခုန်ပစ်မှာလည်း အောင်မြင်တယ်။ သန်းသန်းတို့ဆိုရင် အဲဒီတုန်းက အာရှ အောင်မြင်တယ်လေ။ အဲဒါလည်း မှတ်မိသလောက် ပြောပြပါဦး။ ဖြေ - ဟိုတုန်းကတော့ ပြေးခုန်ပစ်ကတော့ တော်တော်များများ ထွက်ပါတယ်။ ပြေးခုန်ပစ်တင် မဟုတ်ပါဘူး။ တခြား အလေးမတို့ပေါ့။ အလေးမဆိုရင် အောင်ကြီးတို့ဆို ကမ္ဘာ့အိုလံပစ်အထိ သွားပြီး ယှဉ်ပြိုင်တာမျိုးတွေ ရှိခဲ့ဖူးတယ်။ Sport မှာ ဟိုဘက်ပိုင်းမှာ တော်တော်လေး အောင်မြင်မှုရခဲ့တယ်။ ဒါပေမယ့် ဒီဘက်နောက်ပိုင်းမှာတော့ နည်းနည်းပေါ့။ ဒီနှစ်ဆိုရင် ပြိုင်ပွဲမှာ အားကစားနည်း အများထဲက အိုလံပစ် ကျနော်တို့ မြန်မာအသင်းက အားကစားနည်း ၈ နည်းပဲ ဝင်ပြိုင်နိုင်တဲ့ အနေအထား ရှိပါတယ်။ မေး - အနီးဆုံး ၂၀၁၄ တောင်ကိုရီးယား အာရှပွဲကို ပြန်ကြည့်လိုက်တော့ ကျနော်တို့ မြန်မာနိုင်ငံအသင်းက ပိုက်ကျော်ခြင်းကနေ ရွှေ ၂ ခုရတယ်၊ ကြေး ၁ ခု ရတယ်၊ ငွေ ၁ ခု ရတယ်။ ၄ ခုပဲ ရတာပေါ့။ အခု ဒီနှစ်ရော ဆရာပြောတဲ့ အားကစားနည်း ၈ နည်းမှာ မြန်မာ အမျိုးသားဘောလုံးအသင်း အပါအဝင် ဝူရှူး၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ လှေလှော်၊ မြားပစ်၊ တိုက်ကွမ်ဒို ပါတယ်။ အဲဒီအားကစားနည်း ၈ နည်းမှာ မြန်မာအသင်း သွားပြိုင်တယ်။ ၁၃၀ ကျော်လောက် သွားပြိုင်တယ် ပြောတယ်။ ဖြေ - ၁၄၄ ဦး သွားပြိုင်ပါတယ်။ မေး - ဒီအားကစားနည်းတွေမှာ နည်းနည်း မျှော်လင့်လို့ရတာလေး ပြောပေးပါ။ ဖြေ - ကျနော်တို့က အာရှဂိမ်း အားကစားပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ အားကစားဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်ပါတယ်။ လှုပ်ရှားမှုတွေတော့ မသိရဘူး။ ဘယ်အားကစားနည်းက ဘယ်လောက်အခြေအနေ ရှိတယ်ဆိုတာ မသိရဘူးပေါ့။ သတင်းထုတ်ပြန်မှုအပိုင်း အားနည်းတာပေါ့။ သူတို့က သတင်းထုတ်ပြန်မှုတော့ ရှိတယ်။ မီဒီယာတော်တော်များများမှာ အားကစားနည်းတွေကလည်း မျှော်လင့်ထားသလောက် မအောင်မြင်တဲ့ အခါကျတော့ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်ကတော့ သူတို့ဘာသာတော့ လှုပ်ရှားနေကြတာပေါ့။ ဒါပေမယ့် ဘယ်လောက်အခြေအနေ၊ ဘယ်လောက်အဆင့်အထိ ရှိလဲတော့ မသိရဘူး။ အထူးသဖြင့် ရေးနေကြတာကတော့ လှေလှော်လည်း ပါတာကိုး။ ဒီလိုမျိုး အားကစားနည်းတွေကျတော့ မှန်းလို့ရတယ်။ အခု အင်ဒိုနီးရှား အာရှဂိမ်းမှာတော့ လှေလှော်ကများ ရွှေရမလားပေါ့။ ဒါပေမယ့် အင်ချွန်းမှာတုန်းက ပိုက်ကျော်ခြင်းကချည်းပဲ ရွှေရတယ်။ ငွေရတယ်။ ကြေးရတယ်။ ဒီနှစ်မှာ ပိုက်ကျော်ခြင်းကလည်း မျှော်လင့်ချက် ရှိနိုင်တယ်ပေါ့။ ပြောလို့တော့ မရသေးဘူး။ အဲဒီတော့ ပိုက်ကျော်ခြင်း၊ ရေကူး ရှိမယ်။ ကျန်တာတွေကတော့ သေနတ်ပစ်လည်း ပါတယ်။ ဘော်လီဘောကတော့ မမျှော်လင့်နိုင်ဘူး။ ဘောလုံးလည်း ကျနော်တို့ မမျှော်လင့်နိုင်ပါဘူး။ မေး - မြန်မာဘောလုံးအသင်းက အာရှပြိုင်ပွဲဝင်တာ နှစ်ပေါင်းအစိတ်လောက်ကြာမှ တခေါက် ပြန်ဝင်နိုင်တယ်။ ဖြေ - ၁၉၉၄ မှာ နောက်ဆုံး ကစားခဲ့တယ်။ မေး - အခုလည်း သွားပြီး တအုပ်စုတည်းကျတာ ဆော်ဒီတို့၊ မြောက်ကိုရီးယားတို့နဲ့ဆိုတော့ မြန်မာဘောလုံးအသင်းက ဘယ်လောက်အထိ မျှော်လင့်ထားလို့ ရနိုင်လဲ။ ဖြေ - မြန်မာဘောလုံးအသင်းကတော့ အခု ၁၅ ရက်နေ့ မြောက်ကိုရီးယားနဲ့ စကန်တော့မှာ။ အဖြေတော့ မသိသေးဘူးပေါ့။ ကျနော်က ဘောလုံးနဲ့ပတ်သက်ပြီး နီးနီးကပ်ကပ်ရှိတော့ ဘောလုံးအကြောင်းလည်း တော်တော်များများလည်း သိထားပါတယ်။ အခုတွေ့ရမယ့် အသင်းတွေက မြောက်ကိုရီးယားပါတယ်၊ ဆော်ဒီအာရေးဗျပါတယ်၊ အီရန်ပါတယ်။ မြောက်ကိုရီးယားကို ခဏ ဖယ်ထားလိုက်ဦး။ ဆော်ဒီအာရေးဗျနဲ့ အီရန်က​ လတ်တလော ကမ္ဘာ့ဖလားကို ဝင်ထားတယ်။ ဒါပေမယ့် ရုရှား ကမ္ဘာ့ဖလား ဆိုတာက နေရှင်နယ်အသင်းတွေ ကစားတာ။ အခုက အိုလံပစ်အသင်းတွေ ကစားတာ။ အိုလံပစ်အသင်းနဲ့ နေရှင်နယ်အသင်းတော့ မတူဘူး။ ဘာပဲပြောပြော ဒီလိုအသင်းကြီးတွေနဲ့ တွေ့ရမှာ။ မြောက်ကိုရီးယားနဲ့ ကျနော်တို့ကလည်း အရင်တုန်းက တွေ့ဖူးတယ်။ တကြိမ်က သရေကျပြီး နောက်တကြိမ်မှာ ၄ ဂိုးပြတ်နဲ့ ရှုံးထားတယ်။ အဲဒီတော့ မြောက်ကိုရီးယားကိုလည်း လက်ရှိအခြေအနေအရ တော်တော်လေး မလွယ်လှဘူး။ ကျန်တဲ့နှစ်သင်းလည်းပဲ တော်တော် ခက်ခက်ခဲခဲ ကစားရမယ်။ ဘောလုံးနဲ့ပတ်သက်ပြီး တခုပြောချင်တာက ဒီပြိုင်ပွဲအတွက်ဆိုပြီး မန္တလေးမှာ ၄ နိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဆိုပြီး လုပ်တယ်။ အဓိကအကြောင်းရင်းကတော့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်တာပေါ့။ ဘာရိန်းတို့၊ တောင်ကိုရီးယား ယူ-၁၉ အသင်းတို့၊ ထိုင်း ယူ-၂၃ အသင်းတို့ ပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ နည်းပြသစ် အန်တွမ်နီဟေးလ် လက်ထက်မှာ မြန်မာဘောလုံးအသင်းက နောက်ဆုံးပွဲလေးတွေမှာ တော်တော်လေး ကောင်းလာတာ တွေ့ရတယ်။ အောင်သူတို့၊ ကွင်းလယ်က မောင်မောင်လွင်တို့၊ ရန်နိုင်ဦးတို့၊ စည်သူအောင်တို့ပေါ့။ ဒီလိုကစားသမားလေးတွေနဲ့ ကစားတဲ့ပုံစံက မမြင်ရတဲ့ ပုံစံလေးတွေ ပြန်မြင်ရတယ်။ ထိုင်းမှာကတော့ တယ်ရိုနဲ့ သွားကစားသေးတယ်။ အဲဒီမှာတော့ လုံးဝမကောင်းဘူး။ အရန်ထုတ်ပြီးတော့ ကစားတာ။ ဒါကတော့ လူစမ်းတဲ့ သဘောမျိုးပေါ့။ မန္တလေးမှာ နောက်ဆုံးပွဲ ထိုင်းကို ကစားသလိုမျိုး ကစားမယ်ဆိုရင်တော့ မျှော်လင့်ချက်များ ရှိမလားပေါ့။ ဒါကတော့ ကိုယ်က မြန်မာပရိသတ်အနေနဲ့ မျှော်လင့်တာပါ။ တကယ့် ခြေစွမ်းအရတော့ မလွယ်လှဘူးလို့ ထင်ပါတယ်။ မေး - တအုပ်စုတည်းကျတာက ကမ္ဘာ့အဆင့် ကစားဖူးတဲ့ နိုင်ငံတွေက ကစားသမားတွေ ဆိုတော့ သိပ်တော့ မျှော်လင့်လို့တော့ မရဘူးပေါ့။ မြန်မာဘောလုံးနည်းပြ ကိုယ်တိုင်က အုပ်စုကျော်ဖို့လောက်ပဲ အားထည့်မယ်ပေါ့။ ဒါမှမဟုတ်လည်း သူပြောတာက ဂိုးတွေ အများကြီး မပေးရအောင် ကစားဖို့ပဲ စိတ်ကူးထားတယ်လို့လည်း ပြောသံကြားပါတယ်။ ဒီနှစ်မှာ မနှစ်က ရွှေရခဲ့တဲ့ ပိုက်ကျော်ခြင်းကရော အခြေအနေ ဘယ်လိုရှိလဲ။ တွက်ဆကြည့်လို့ရလား။ ဖြေ - ပိုက်ကျော်ခြင်းကလည်းပဲ ကျနော်တို့က နောက်ထပ်မျိုးဆက် ကစားသမားတွေ ဘယ်လောက်အထိ မွေးထုတ်ထားပြီလဲ၊ ပိုက်ကျော်ခြင်းနဲ့ ပတ်သက်တဲ့ အင်ဖော်မေးရှင်းကလည်း ကျနော်တို့ သိပ်မရဘူး။ ဒါကတော့ ကျနော် မရတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့။ အရင်တုန်းက ကစားသမားတွေပဲ ပြန်အားကိုးနေရင်တော့ မဖြစ်ဘူး။ ကျနော်တို့က နောက်ထပ် ကစားသမားအသစ်တွေ၊ မျိုးဆက်သစ်တွေ မွေးထုတ်ပြီးတော့ ကစားနိုင်မယ် ဆိုရင်တော့ မျှော်လင့်ချက် ရှိပါတယ်။ ပိုက်ကျော်ခြင်းမှာ အမျိုးသားပါတယ်၊ အမျိုးသမီးပါတယ်။ ပိုက်ကျော်ခြင်းဆိုတဲ့ အားကစားနည်းကလည်း မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားပေါ့။ ဒီလို နိုင်ငံတွေက ကောင်းကောင်းကစားနိုင်တယ်။ တခြားနိုင်ငံတွေက လိုက်ကစားရတာလေ။ ဂျပန်ဆိုရင် တော်တော်လေး ကစားလာပြီ။ ဒီအားကစားနည်းက ထိုင်းကစတဲ့ အားကစားနည်းပေါ့။ အရှေ့တောင်အာရှ အားကစားနည်းမှာ မြန်မာကတော့ ရွှေလည်း ရထားတဲ့ အစဉ်အလာရှိတော့ ဒီကလည်း မျှော်လင့်လို့ရမယ် ထင်ပါတယ်။ မေး - အာရှပွဲတွေနဲ့ မြန်မာအားကစားသမားတွေ တဖြည်းဖြည်း ဝေးလာလိုက်တာ အားကစားနည်း ၄၀ ကျော်၊ ၅၀ လောက် ပြိုင်တာ။ ကိုယ်က ၈ မျိုးလောက်ပဲ ပြိုင်နိုင်တဲ့ အခြေအနေ ရောက်လာတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း လူတွေ တော်တော်များများက ပရိသတ်ချစ်တဲ့ အားကစားသမား တော်တော်များများက သိကြပါတယ်။ မြန်မာ့အားကစား အဆင့်အတန်း နိမ့်ကျသွားတယ်ပေါ့။ အရင်တုန်းက ပြေးခုန်ပစ် ရွှေခေတ်တို့ ဖြစ်ခဲ့ဖူးတယ်။ ဒါတွေလည်း ကျော်လာပြီ။ လက်ရှိအစိုးရ လုပ်နေတဲ့ အားကစားမြှင့်တင်တဲ့ လုပ်ငန်းကရော အားရလောက်စရာ ရှိပြီလား။ အာရှလောက်အထိ မသွားနိုင်သေးဘူးလေ။ ကျနော်တို့ သွားနိုင်ဖို့ ရှိလား။ ဖြေ - ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ အားကစားဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အားပေးမှုက လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ကျနော် ဆိုလိုချင်တယ်။ ဒီအတိုင်းကတော့ မရနိုင်ဘူး။ အရင်တုန်းက အားကစားဝန်ကြီးဌာနဆိုပြီး သီးသန့်ရှိခဲ့တယ်။ အဲဒီတုန်းက အရမ်းလုပ်တယ်။ ဒါပေမယ့် မျှော်လင့်သလောက် အောင်မြင်မှု မရခဲ့ဘူး။ အခုအခြေအနေ အစိုးရသစ် ပြောင်းသွားတဲ့အခါမှာ ဝန်ကြီးဌာန ပေါင်းလိုက်တယ်။ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပေါင်းလိုက်တယ်။ အဲဒီမှာ အားကစားဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်ထုတ်ပေးတဲ့အခါမှာ အဲဒီမှာလည်း ဘတ်ဂျက် ဖြတ်တောက်ခံရတာတွေ ရှိတယ်။ အစိုးရက ဒီအပေါ်မှာ ပိုက်ဆံမသုံးနိုင်ဘူး။ အားကစားဖွံ့ဖြိုးဖို့ဆိုတာက Infrastructure တွေ အများကြီးလိုတယ်။ ကွင်းတွေ ရှိဖို့လိုတယ်။ အားကစားလေ့ကျင့်ဖို့ နေရာတွေ ရှိဖို့လိုတယ်။ ကစားသမား ပြုစုပျိုးထောင်ဖို့အတွက် လိုတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကျနော် မြင်ရသလောက်က သိပ်ပြီးတော့ မတွေ့ရသလိုပဲ။ ဒီပုံစံအတိုင်းနဲ့ မရဘူး။ အားကစားဖွံ့ဖြိုးရေးအတွက်ကို နောက်ဆုံး အရှေ့တောင်အာရှအဆင့်အထိပဲ စဉ်းစားဦး။ ဒီအပေါ်မှာ Input များများထည့်ဖို့ လိုသေးတယ်။ အဓိကကတော့ Infrastructure ပေါ့။ တခြားနိုင်ငံလိုပေါ့။ အားကစားသမားတွေ ပေါ်ထွက်လာဖို့ဆိုတာ အားကစား လေ့ကျင့်ရေး နေရာတွေ ရှိဖို့လိုပါတယ်။ မေး - တလောက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စာပေစကားဝိုင်းလုပ်တော့ ဘာပြောလဲဆိုတော့ လူတွေက စာမဖတ်ကြတာ မဟုတ်ဘူးတဲ့။ စာဖတ်ကြတယ်တဲ့။ စာအုပ် အနီးအနားမှာ မရှိလို့တဲ့။ စာအုပ် အနီးအနားရှိအောင် လုပ်ပေးရမယ်လို့ သူ ပြောသွားတယ်။ ကျနော်တို့ကလည်း အားကစားသမားတွေ ကစားနိုင်အောင်လို့ အားကစားကွင်းတွေ သူတို့နားရောက်အောင် လုပ်ပေးရမှာပေါ့ ဆရာ။ အဲဒီအပိုင်းက အခုထိ မည်မည်ရရ မတွေ့ရဘူး။ ဖြေ - အားကစားကွင်း လုပ်ပေးဖို့လိုတယ်။ နောက်တချက်က အမြဲတမ်းလိုလို ကျနော်တို့က ပြောကြ၊ ဆိုကြ၊ ရေးကြတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ပြောကြတယ်။ အားကစားနဲ့ ပညာရေး ပေါင်းစပ်ဖို့။ တကယ်လက်တွေ့လည်း လုပ်တယ်။ ကျောင်းတွေကနေ အခြေခံမှ ဘောလုံးပဲဖြစ်ဖြစ်၊ တခြားအားကစားပဲဖြစ်ဖြစ်ပေါ့။ အဲဒီလိုမျိုးဆိုရင် Sport ကို ပညာရေးနဲ့တွဲပြီးတော့ စိတ်ဝင်စားလာအောင်။ အခုကတော့ ပညာရေးစနစ်ကလည်း နည်းနည်း အားနည်းချက်ရှိတော့ အားကစားကို လှည့်မကြည့်နိုင်တဲ့သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ နောက်ကျကျန်ခဲ့တဲ့သဘော ရှိပါတယ်။ မေး - မြန်မာ့အားကစား အာရှအဆင့် ရောက်ဖို့တော့ ကျနော်တို့ တော်တော်ကြီး လုပ်ယူရဦးမယ်။ ဖြေ - ဟုတ်ပါတယ်။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024