ဟန်လေးရဲ့ ကာတွန်းဂျာနယ် ရှမ်းပြည်တွင် ဖြန့်ချိ
DVB
·
July 30, 2012
ကာတွန်း ဟန်လေးရဲ့ ကလေးများအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ အရုဏ်ဦးလို့ အမည်ရတဲ့ (Dawn) ဂျာနယ်ကို ရှမ်းဘာသာနဲ့ ပထမဆုံးအကြိမ်အဖြစ် ရှမ်းပြည်နယ်အတွင်းကို စတင် ဖြန့်ချိလိုက်ပါတယ်။
ကလေးတွေ စာဖတ်တဲ့ အလေ့အကျင့်ရှိလာဖို့အတွက် စာမျက်နှာ ၁၂ မျက်နှာပါ ကာတွန်းဂျာနယ်ကို ကိုယ်တိုင် ရင်းနှီးစိုက်ထုတ် ပြီးတော့ ရှမ်းပြည်နယ်အတွင်းကို ဖြန့်ဝေခဲ့တာလို့ ထိုင်းအခြေစိုက် ကာတွန်း ဟန်လေးက ပြောပါတယ်။
ကာတွန်းထုတ်ဝေရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ကာတွန်းဟန်လေးက အခုလို ပြောပါတယ်။
“ကလေးတွေအတွက် ရည်ရွယ်ထားတာလေ။ ကလေးတွေ စာဖတ်တဲ့အကျင့် ရှိလာအောင်၊ ကလေးတွေအတွက် စာပေက နည်းတယ်လို့ ထင်တယ်လေ၊ အဲဒါနဲ့ စိတ်ထဲမှာ ရှိတာက ကလေးတွေ စာဖတ်အားကောင်းလာအောင်ပေါ့။ တိုင်းရင်းသားဘာသာနဲ့လည်း ထုတ်မယ်။ မြန်မာလိုလည်း ထုတ်မယ်။ လောလောဆယ်တော့ ငွေကြေး အခြေအနေအရ ရှမ်းဘာသာ တခုပဲ ထုတ်ဖြစ်သေးတယ်။ နောက်ကျရင် မြန်မာဘာသာရော၊ တိုင်းရင်းသား ဘာသာတွေလည်း ထုတ်မယ်။”
ကာတွန်းဂျာနယ်မှာ သိပ္ပံ၊ သမိုင်း စတဲ့ ဗဟုသုတနဲ့ အထိမ်းအမှတ်နေ့တွေ အကြောင်း အပါအ၀င် ဂိမ်း၊ ဥာဏ်စမ်း၊ အီစွတ်ပုံပြင်တွေနဲ့ ကလေးတွေ သိသင့်တဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်းရေးဆွဲထားတယ်လို့ ဆိုပါတယ်။
ဒီကာတွန်း ဂျာနယ်ကို တဦးတည်း ဒိုင်ခံရေးဆွဲထားတာဖြစ်ပြီးတော့ လစဉ် ထုတ်ဝေသွားမှာလည်း ဖြစ်ပါတယ်။
အုပ်ရေ ၃၀၀၀ လောက် စတင် ဖြန့်ချိလိုက်ပြီးတော့ ရှမ်းပြည်နယ်ကို ၂၀၀၀ လောက် ပို့ဆောင်ပေးခဲ့ပြီး ထိုင်းမှာတော့ ၁၀၀၀ လောက် ဖြန့်ချိထားတယ်လို့ ဆိုပါတယ်။