Home
အထွေထွေ
“ကြိုးချိပ်” ဆင်မို့ ယဉ်သလား
DVB
·
August 16, 2018
“ကြိုးချိပ်”ဆင်မို့ ယဉ်သလား တော် လှိုင်းကိုက်ပြန် တိမ်လိပ်နဲ့ “ဖဲချိပ်” ကမှ မဝတ်ဆင် ရပ်ကြီးသူ ပျိုဖြူလှရယ် ကုန်းစပ်နဲ့ယဉ် ကုန်းစပ်ဆင်လို့ ယဉ်တာလား…. န ကိုယ်ယဉ်မို့ ယဉ်တာလား…..။ ဒီသီချင်းကို ငယ်စဉ်က ကြားဖူးတယ်။ ဒိုးပတ်ဝိုင်းနဲ့အတူ ပျော်လို့ လိုက်ဆိုခဲ့ဖူးတယ်။ အဓိပ္ပာယ်နားလည်လို့ မဟုတ်။ အဲဒီတုန်းကတော့ “ဖဲချိပ်” ဆိုတာ ဖဲနဲ့လုပ်ထားတဲ့ အထည်စလို့ပဲ ထင်ခဲ့တာ။ ဟိုတစ ဒီတစ စာတွေဖတ်မိတော့မှ ဘယ်ကလာ အထည်စ ပိတ်စ ဟုတ်လိမ့်မတုန်း။ မြန်မာအဘိဓာန်က ပြောတဲ့ ချောမွတ်ပြောင်လက်နေတဲ့ အထည်မျိုး ဘယ်ဟုတ်မလဲ။ တကယ်တော့ “ဖဲချိပ်” ဆိုတာ မြန်မာ့ရိုးရာ အထည်ရက်လုပ်တဲ့ နည်းထဲက တမျိုးကို ဆိုလိုတာ။ Weaving Method ပါပဲ။ အထည်ရက်လုပ်ရာမှာ (၁) လက်ကောက်ရက်နည်း၊ (၂) ဖဲကောက်ရက်နည်း၊ (၃) ဖဲနှပ်ရက်နည်း၊ (၄) နှပ်ကော်ရက်နည်းဆိုတဲ့ နည်းလေးမျိုးထဲက ရက်နည်းတမျိုးပါ။ အဲဒီနည်းထဲမှာ လက်ကောက်ရက်နည်းလို့ခေါ်တဲ့ “ကြိုးချိပ်ရက်နည်း” က အခက်ဆုံးပဲ။ ဖဲကောက်ရက်နည်းက သိပ်မခက်ဘူး။ ဒီနည်းနဲ့ရက်ထားတဲ့ ချိပ်ဆင်တွေကို ရှေးဘုရင်ခေတ်က အရပ်သားတွေ ဝတ်ရတယ်။ ထီးသုံးနန်းသုံးဖြစ်တဲ့ ကြိုးကြီးချိပ်မျိုးကိုတော့ အရပ်သားတွေ ဝတ်ဆင်ခွင့် မရဘူးလေ။ ဒါကြောင့် ကျေးလက်သီချင်းမှာ တိမ်လိပ်ဒီဇိုင်း ဖဲချိပ်ကို မဝတ်ဆင်ပေမယ့် ကုန်းစပ်ဆင်ကြောင့်လား၊ ပင်ကိုအလှကြောင့် ယဉ်တာလား ဆိုပြီး စပ်ခဲ့ သီဆိုခဲ့တာ။ အဲဒီ ဖဲကောက်ရက်နည်းက လပိုင်းလောက်သင်ရင် တတ်မြောက်သလို တရက် တထည် နှစ်ထည်ပြီးအောင် ရက်လို့ရတယ်။ ဒါပေမယ့် “လက်ကောက်ခေါ် ကြိုးချိပ်ရက်နည်း” ကတော့ ၇ နှစ် ၈ နှစ်လောက်သင်မှ စုံလင်အောင် တတ်မြောက်တယ်လို့ ဆိုပါတယ်။ ဘာလို့ ဒီလောက် ခက်ရတာလဲ။ သာမန်ရက်တာတင်မကဘဲ “စိတ်မှတ်ပညာ” ကိုပါ အသုံးပြုတာ ဖြစ်တဲ့အတွက် ပိုခက်ခဲတာလို့ ဆိုရမှာပါ။ ဒါကြောင့် “ကြိုးကြီးချိပ်” ဟာ အင်မတန် သိမ်မွေ့နက်နဲ ခက်ခဲတဲ့ လက်မှုပညာတခုလည်း ဖြစ်တယ်လို့ ပညာရှင်တွေက အသိအမှတ် ပြုကြရပါတယ်။ ကြိုးကြီးချိပ်ဆိုတာ ဘုရင်တွေရဲ့ ထီးသုံးနန်းသုံး အထည်ပေါ့။ လွန်းရာကျော် ဆိုသလိုပဲ လွန်းပေါင်း ၁၅၀ နဲ့ ၂၀၀ အထိထားပြီး ရက်လုပ်ရတာပါ။ အခု ပြတိုက်မှာရှိတဲ့ သီပေါမင်းရဲ့ မိဘုရား စုဖုရားလတ်ရဲ့ လွန်းရာကျော် ကြိုးကြီးချိပ်ဟာ လွန်းပေါင်း ၂၆၄ ကျော်နဲ့ ရက်လုပ်ထားတဲ့ချိပ်လို့ ပညာရှင်များ အကဲဖြတ်ချက် အထင်အရှားရှိတယ်။ ဒီချိပ်မျိုးက လူနှစ်ယောက်တွဲပြီး ရက်ရင်တောင် တနေ့မှ တလက်မလောက်ပဲ ပြီးသတဲ့။ လွန်းနှစ်ရာ့ငါးဆယ်ဆိုရင် လူနှစ်ယောက် နှစ်ပေါက်နီးပါး ရက်ရဆိုပဲ။ [caption id="attachment_285607" align="alignleft" width="292"] ဓာတ်ပုံ - Yu Thandar Tin Facebook[/caption] ဒီမှာ ကြုံတုန်းလေး လွန်းရာကျော် ကြိုးကြီးချိပ်လို့ အမည်ခေါ်တွင်ပုံကို ပြောချင်သေးတယ်။ ဒီအမည်က စာစုသုံးစုခွဲပြီး (၁) လွန်းရာကျော်၊ (၂) ကြိုးကြီး၊ (၃) အချိပ် ဆိုတဲ့ ဝေါဟာရသုံးခု ပေါင်းထားတာ။ လွန်းရာကျော်ဆိုတာ လွန်းပေါင်းရာကျော်လို့ ဆိုတာ သိပြီးသား။ “ကြိုး” ဆိုတာ အထည်ရဲ့ အကွေ့အကောက် အတွန့်အလိမ်တွေကို ခေါ်တာ။ အဆင်ဒီဇိုင်းကို ခေါ်တာ။ “အချိပ်” ဆိုတာက အဆင်ဒီဇိုင်းကို ခေါ်တာမဟုတ်ဘူး။ ရက်လုပ်တဲ့နည်းကို ခေါ်တာ။ အဆင်ဒီဇိုင်းကို “ကြိုး” လို့ခေါ်တာ ပြောခဲ့ပြီးပြီ။ အဲဒီ အဆင်ဒီဇိုင်းကြိုး အမျိုးအစားပေါင်း ၃၀ အထိ ရှိတယ်လို့ ဆာဂျော့စကော့ ပြုစုတဲ့ ၁၉၀၀ ပြည့်နှစ် ဘားမားဂေဇက်တီးယား အတွဲ (၂) မှာ မှတ်တမ်းရှိလေရဲ့။ ကြိုးဒီဇိုင်းအဆင် ၃၀ စလုံး အမည်နဲ့တကွ ဖော်ပြထားတာ။ အခုခေတ်တော့ အဆင် လေးငါးမျိုးထက် ပိုမလုပ်နိုင်ကြတော့ပါဘူး။ လွန်းရာကျော် ကြိုးကြီးချိပ်ဟာ အခြေခံဒီဇိုင်း ၇ မျိုးလုံး ပါဝင်အောင် ရက်ရတာ။ အမရပူရက ရက်ကန်းပညာရှင် ဒေါ်စောရှင်ကတော့ “ရှေးအစက  ထိပ်ခေါင်တင်ကြိုးနဲ့ နန်းစဉ်ကြိုးဆိုတာ ရှိတယ်။ ထိပ်ခေါင်တင်ကနေ စပါယ်နွဲ့တို့ ဝတ်လဲတော်တို့ ဆိုတာတွေ ဆင့်ပွားတာပါ။ နောက်တော့ ဆောင်တော်ကူး၊ ကျေးတရာ၊ ရှစ်ပွင့်ဆိုင် ကြိုးကြီး၊ ကြိုးကြီးထိပ်ခေါင်တင် စသဖြင့် ပွားများလာခဲ့တာ” လို့ ဆိုပါတယ်။ အခုတော့ အဆင်ပြေသလို ဈေးကွက်အရ အမည်တွေ ပေးနေကြတာ တွေ့လာရတယ်။ ဒီနေ့ခေတ်မှာ ပြောနေကြတဲ့ ကြိုးကြီးချိပ်ဆိုတာ တကယ့်ကြိုးကြီးချိပ်အစစ်တော့ မဟုတ်ဘူး။ ဒါကြောင့် ကြိုးချိပ်လို့ ခေါ်သင့်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ အခု ချိပ်ဆိုပြီး ရက်နေတာတွေက အမရပူရက ဦးပြားလေးဆိုသူ တီထွင်ထားတဲ့ “ဖဲနှပ်” နည်းနဲ့ ချိပ်ကို ရက်လုပ်လာနိုင်တယ်။ အသွင်တူပေမယ့် အသွေးမတူပါဘူး။ ဖဲနှပ်နည်းအကြောင်း ရှေ့မှာ ပြောခဲ့ပြီးပြီ။ လွန်ခဲ့သောနှစ်လောက်က လွန်းရာကျော် ကြိုးကြီးချိပ်ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုတင်ဖို့ လုပ်တဲ့အကြောင်း သဲ့သဲ့လေး ကြားရတယ်။ အင်္ဂလိပ်လိုကတော့ Intangible Cultural Heritage ပေါ့။ မြန်မာလို့တော့ “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်” တဲ့။ စိတ်နဲ့ ခံစားနားလည်နိုင်တဲ့ ဘာသာစကား၊ အက၊ ဓလေ့ထုံးတမ်းစဉ်လာ၊ အတွေးအခေါ်၊ အနုသုခုမ၊ တိုင်းရင်းသားရေးရာ စတာတွေ အကျုံးဝင်တာပေါ့။ ဒါဆိုရင် မြန်မာတို့ရဲ့ လွန်းတရာကြိုးကြီးချိပ်လည်း ယူနက်စကိုရဲ့ အကာအကွယ် ရသင့်တာပဲ။ ဘာလို့လဲ…။ မြန်မာပြည်ကို ကြိုးချိပ်ရက်တဲ့ နည်းပညာက အင်းဝခေတ် နှောင်းလောက်မှာ ရောက်ခဲ့တာ။ ပြောမယ်ဆိုရင် ပုဂံခေတ်လက်ရာဖြစ်တဲ့ အပယ်ရတနာလိုဏ်ဂူဘုရားရှိ တာရာဒေဝီ ဝတ်ဆင်ထားတဲ့ နံရံဆေးရေးပန်းချီမှာ “ချိပ်” လုံချည်ဒီဇိုင်းကို တွေ့ရတယ်။ ပန်းချီလက်ရာက အင်းဝခေတ် ရေးဆွဲတဲ့ လက်ရာဖြစ်ပြီး ရက်ထည်မဟုတ်ဘဲ ဆေးရေးထည်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟံသာဝတီမင်း အမှာတော်ပုံမှာ လက်ချိပ် လွန်ပြန်၊ ဧကနံ၊ သည်တွင် အစပေါ်လေပြီ” လို့ ပါရှိတဲ့အတွက် အင်းဝခေတ်နှောင်းပိုင်းမှာ ကြိုးချိပ်ရက်နည်း ပေါ်နေပြီလို့ ဆိုပါတယ်။ အချို့သော သမိုင်းတွေအရ အလောင်းမင်းတရားကြီးနဲ့ သားတော် ဆင်ဖြူရှင်တို့ အာသံနဲ့ မဏိပူရကို ၁၁၂၀ မှာ တိုက်ခိုက် အောင်မြင်ရာက မဏိပူရ ကသည်းရက်ကန်းသည်တွေကို ခေါ်ယူရာက စတယ်လို့ ဆိုတယ်။ အဲဒီထဲက “လင်းဇင်အက္ကဘတ်” ဆိုတဲ့ ရက်ကန်းပညာရှင်က ကြိုးချိပ်ပညာကို အမရပူရ ရက်ကန်းသည်တွေကို သင်ကြားပေးခဲ့တဲ့မှတ်တမ်း အခိုင်အမာရှိတယ်။ ဒါဆိုရင် သူများဆီက မွေးစား ကူးလူးခဲ့တာပေါ့။ မှန်ပါတယ်။ ညောင်ရမ်းခေတ်မှာ ကြိုးချိပ်ဟာ သန္ဓေတည်ပြီး အမရပူရခေတ်မှာ မွေးဖွားခဲ့တယ်။ ရတနာပုံခေတ်မှာ ကြီးထွားခဲ့တယ်လို့ အဆိုရှိတယ်။ မြန်မာတို့ရဲ့ ဆင့်ပွားတိုးချဲ့ တီထွင်ဆန်းသစ်မှုကြောင့် အလွန်အဆင့်မြင့်တဲ့ လွန်းတရာကြိုးကြီးချိပ်တွေဟာ အဆင်အမျိုးမျိုး အသွင်အမျိုးမျိုးနဲ့ ထွက်ပေါ်လာခဲ့တာ။ လွန်းတရာကြိုးကြီးချိပ်ဟာ ပိုးချည်နဲ့သာ ရက်လုပ်ခဲ့ရတာကြောင့် တန်ဖိုးကြီးသလို အချိန်ကာလလည်း ကြာညောင်းစွာ ရက်လုပ်ရတာကြောင့် အခုခေတ်မှာ အရည်သွေး အပြည့်အဝ ရက်လုပ်ဖို့ အခက်အခဲတော့ ရှိတယ်။ ပိုးထည်ဆိုတော့ ရေလျှော်ဖို့ အဆင်မပြေသလို ဝတ်ဖို့လည်း အဆင်မပြေလှဘူး။ ရက်လုပ်ရတာလည်း မလွယ်ကူဘူးပေါ့။ ကြိုးချိပ်ရက်ခတ်ခြင်းဟာ အနုစိတ် လက်မှုသက်သက် ဖြစ်တဲ့အပြင် စိတ်မှတ်ပညာလည်း ဖြစ်တာကြောင့် အခြားချိပ်တွေထက် ပိုခက်ခဲတယ်။ ကြိုးကြီးချိပ် ရက်ခတ်ရာမှာ စိတ်အလိုကို လက်က လိုက်ဖြည့်ဆည်းပေးရတဲ့အပြင် စိတ်မှတ်ကျဲတာနဲ့ ကြိုးအဆင် ပျက်စီးသွားတတ်ပါတယ်။ အခုထိတော့ စိတ်အလိုကို စက်က မလိုက်နိုင်သေးတာကြောင့် လိုသလောက် မထုတ်လုပ်နိုင်သေးဟန်ပါပဲ။ ထုတ်လုပ်နိုင်ခဲ့ရင်လည်း အစိုးရ မင်းခမ်းမင်းနားနဲ့ သူဌေးမင်းတို့ရဲ့ အလှူတော်တွေ မင်္ဂလာဆောင်တွေမှာ အဆောင်အယောင်တခုအဖြစ်တော့ ရှိနေဦးမှာပါ။ သာမန် အမျိုးကောင်း သားသမီးတို့အတွက်ကတော့…. “ကြိုးချိပ်ဆင်လို့ ယဉ်သလား … ဖဲချိပ်ဆင်လို့ ယဉ်သလား… နကိုယဉ်မို့ ယဉ်သလား…” ရယ်လို့ ဝေခွဲရ ခက်နေပေမယ့် ဒီနေ့ကာလ မိန်းမပျိုလေးတွေရဲ့ နန်းဆန်တဲ့ ဖက်ရှင်အဖြစ် ကြိုးချိပ်ဆင်လို့ ယဉ်နေမှာ ဖြစ်သလို လွန်းတရာ ကြိုးကြီးချိပ်ဟာလည်း ကမ္ဘာအလယ်မှာ ဝင့်ဝါမြဲ ဝင့်ဝါနေဦးမှာပါ။ (သုတကဖေး)- ဆရာဋ္ဌေး ကိုးကား-  ဦးရွှေထွန်း လွန်းရာကျော် ကြိုးကြီးချိပ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024