စီးပွားရေးအင်အားကြီး နိုင်ငံများကြား ကုန်သွယ်ရေးစစ်ပွဲ အကျိုးမရှိဟုပြော

လက်ရှိဖြစ်ပွားနေတဲ့ အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေကြား ကုန်သွယ်ရေးစစ်ပွဲဟာ ဘယ်နိုင်ငံအတွက်မှ အကျိုးမရှိဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်၊ ဥရောပနဲ့ တခြားနိုင်ငံတွေကနေ အမေရိကန်ကို တင်သွင်းလာတဲ့ ကုန်စည်တချို့အပေါ် အခွန်တိုးမြှင့်လိုက်တဲ့ မူဝါဒကြောင့် အငယ်စား အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့ အမေရိကန် စားသုံးသူတွေကိုလည်း ထိခိုက်ခဲ့တာ တွေ့ရပါတယ်။ တရုတ်ကနေ တင်သွင်းလာတဲ့ တီဗွီနဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းအစိတ်အပိုင်းတွေကို အခွန်တိုးမြှင့်လိုက်တာကြောင့် အမေရိကန် အီလက်ထရောနစ် ကုန်ထုတ်လုပ်ငန်းတွေကိုသာ ထိခိုက်စေခဲ့တာပါ။ အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် ဖဲလ်ဖွတ်ဒေသက Element ဆိုတဲ့ တီဗွီထုတ်လုပ်တဲ့ ကုမ္ပဏီကို ၂ လအတွင်း ပိတ်ပစ်မယ်လို့ ကြေညာခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ အလုပ်သမား ၁၂၆ ဦးကို အလုပ်အကိုင် ဖန်တီးပေးထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ “တကယ့်ကို ထေ့ငေါ့လှောင်ပြောင်စရာ မူဝါဒပါပဲဗျာ။ အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေကို အထောက်အကူပေးဖို့ ရည်ရွယ်တဲ့ မူဝါဒကြောင့် ပထမဆုံး အမေရိကန်ကုမ္ပဏီတခု အဲဒီလို ပိတ်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ရတာပါပဲ” လို့ လေ့လာသုံးသပ်သူတဦးက ပြောပြသွားတာပါ။ အခုလို လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ အငယ်စား အမေရိကန်ကုမ္ပဏီတွေဟာ ပြည်ပကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းအစိတ်အပိုင်းတွေကို တည်မှီနေရတာကြောင့် အခုလို ထိခိုက်သွားတာလည်း ဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတဦးက “နိုင်ငံတွေမှာက ကုန်ပစ္စည်းတွေကို အစအဆုံး ထုတ်လုပ်တာမျိုး မလုပ်ကြတော့ဘူးဗျ။ အစိတ်အပိုင်းတချို့ကိုပဲ ထုတ်လုပ်ကြတယ်။ တခြား လိုတဲ့ကုန်ပစ္စည်းတွေကို ပြည်ပနိုင်ငံကနေ တင်သွင်းကြတာ။ အခုဥပဒေသစ်ကြောင့် လက်ရှိ ရှိနေတဲ့ ဆက်စပ်ပတ်သက်မှုတွေကို ဖြတ်တောက်လိုက်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးပုံစံကို အစိတ်စိတ်အမွှာမွှာ ကွဲသွားစေပါတယ်” လို့ သုံးသပ် ပြောပြသွားပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်ကလည်း အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ ပမာဏရှိတဲ့ အမေရိကန်သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခွန်တိုးကောက်မယ့် အမေရိကန်သွင်းကုန်တွေထဲမှာ ပဲပိစပ်လည်း ပါဝင်နေပါတယ်။ တရုတ်ရဲ့လုပ်ရပ်ကြောင့် ထိခိုက်သွားတဲ့ အမေရိကန် စိုက်ပျိုးသူတွေကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံထိ ထောက်ပံ့သွားမယ်လို့ အမေရိကန်အစိုးရက ကြေညာထားပါတယ်။ ဒါပေမယ့် ဒီဖြေရှင်းနည်းဟာ ရေရှည်မှာ အခြေအနေ မကောင်းနိုင်ဘူးလို့လည်း လေ့လာသုံးသပ်သူတွေက ရှုမြင်ထားကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အမေရိကန်စီးပွားရေး တိုးတက်မှုကြောင့် အလုပ်အကိုင် အသစ်တွေကို ဖန်တီးပေးနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၄ ရာခိုင်နှုန်းအောက်မှာ ရှိနေပြီး နှစ် ၂၀ အတွင်း အလုပ်လက်မဲ့ဦးရေ အနိမ့်ဆုံး အခြေအနေမှာ ရှိနေတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up