ဦးသိန်းစိန်တွင် စစ်ဗိုလ်အမူအရာ မတွေ့ရတော့ဟုဆို
ရွှေအောင်
·
July 28, 2012
သမ္မတဦးသိန်းစိန်မှာ စစ်ဗိုလ်ရုပ်နဲ့ စစ်ဗိုလ်အမူအရာတွေ မတွေ့ရတော့ဘူးလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက သုံးသပ်လိုက်ပါတယ်။
ဒီမိုကရေစီ ၁၀ ပါတီခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဇူလိုင်အတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ သူတို့နှစ်ဦးနဲ့ တွေ့တုန်း သူမြင်တွေ့ခဲ့ရတဲ့အပေါ် အခုလို သုံးသပ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“လူတယောက်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ဘယ်ပြောနိုင်မလဲ။ ဒါပေမယ့် သူတို့ရဲ့ နေပုံထိုင်ပုံ၊ ပြောဆိုပုံတွေကို ကြည့်တဲ့အခါမှာ အရင်တုန်းက ဒီအစိုးရ မဖွဲ့ခင်တုန်းကနဲ့ မတူတော့ဘူးဗျ။ အထူးသဖြင့် ဦးသိန်းစိန်ဆိုရင် စစ်ဗိုလ်ရဲ့ အမူအရာ လုံးဝ မတွေ့ရတော့ဘူးဗျ။ ဥပမာအားဖြင့် ခေါင်းဆောင်ကြီးတွေ လာတယ် သွားတယ်ဆိုရင် အစောင့်အရှောက်တွေက အများကြီးဗျ။ ကျနော်တို့ တွေ့တဲ့အခါ သူ့တယောက်တည်းပဲ။ အတူပါလာတာက အရပ်ဝတ်နဲ့ တယောက်ပဲ။ ဒါကတော့ လုံခြုံရေးအရာရှိ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ ဆိုလိုတာက ကျနော်တို့နဲ့ တွေ့တဲ့အခါမှာ နေတာထိုင်တာ ဟိတ်ဟန် မထားဘူးပေါ့ဗျာ။ ပြောဆိုတာလည်း အရပ်သားတယောက် ပြောဆိုတာမျိုးပြောတာ။ ဟိုတုန်းကလို မဟုတ်ဘူးပေါ့။ သူရဦးရွှေမန်းလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမယ့် လုပ်ပုံကိုင်ပုံလေးက စစ်ရုပ်တော့နည်းနည်း ရှိသေးတယ်။ သို့သော်လည်း သူလည်း အများကြီး ပြောင်းလဲလာတယ်။ ဆိုလိုတာက အရင်ကနဲ့ မတူတော့ဘူးလို့ ယူဆပါတယ်။ စနစ်ပြောင်းသလို လူတွေလည်း ပြောင်းလာပြီလို့ ယူဆပါတယ်ဗျ။”
သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံရာမှာ တိုင်းပြည် တိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။
ဒီမိုကရေစီ ၁၀ ပါတီ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဇူလိုင် ၁၈ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့က ဇူလိုင်လ ၂၇ ရက်က တွေ့ဆုံခဲ့ကြတာပါ။
တွေ့ဆုံခဲ့တဲ့ ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်ပါတယ်။