ဘဝကြမ်းကိုဖြတ်သန်း၍ တိုက်ရဲသူ ပထမဆုံး မြန်မာအမျိုးသမီးဂျာနယ်လစ် ဒေါ်စန်း

“ပေါ်လစ်တစ်၊ မြုတ်လစ်တစ် ဆိုတဲ့အတိုင်း တိုင်းရေးပြည်ရေးကိစ္စတွေကို လွန်ခဲ့တဲ့ တပေါင်းလ၊ မင်းတိုင်ပင်အစည်းအဝေး ပြီးကတည်းက သိခဲ့ကြသည့်အတွက်၊ သည်လိုပုံဖြင့်၊ ဘာတိုင်းကျိုးပြည်ကျိုးမှ လုပ်လို့မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် သတင်းစာတွေက ရေးသော်လည်း ရေးရေးပဲ။ အမတ်မင်းများ စိတ်ထားကတော့၊ တိုင်းပြည်က ငါ့ကို ရွေးကောက်ပြီးပြီ။ ဘယ်နည်းနှင့်မဆို တို့တော့ သုံးနှစ်သုံးသီးတော့ဖြင့်၊ အမတ်ဖြစ်နေရအုံးမှာပဲ။ သူတို့ကြိမ်ဆဲနိုင်ရင် သုံးနှစ်ပေါ့ (ထိုစဉ်က အမတ်သက်တမ်း သုံးနှစ်ပါ)။ ဆိုတဲ့ သဘောထားများ ထားကြလေရော့သလားပဲ။ နည်းနည်းလေးမှ တိုင်းသူပြည်သားဘက်ကို ဂရုမစိုက်ကြဘူး။” ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာနီးပါးခန့်က ဒိုင်အာခီအမတ်တွေကို ခပ်ထေ့ထေ့လေး သရော်ပြီး ဝေဖန်သုံးသပ်ထားတဲ့ နိုင်ငံရေးဝေဖန်ချက်ပါ။ တိတိကျကျပြောရရင် ၁၉၂၆ စက်တင်ဘာ ၂၅ ရက်နေ့ထုတ် အင်ဒီပင်းဒင့်သတင်းစာ ယုဝတီကြေးမုံအခန်းက ခင်ခင်လှနဲ့ ခင်ခင်ညွန့်တို့ ဆွေးနွေးခန်း။ အင်္ဂလိပ်လို Politic ကို “ပေါ်လစ်တစ်၊ မြုတ်လစ်တစ်” ဆိုပြီး သရော်ပုံကလည်း စာဖတ်သူကို ရွှင်လန်းတက်ကြွစွာ ဆွဲခေါ်သွားနိုင်ခဲ့တယ်။ အဲ့လို စာရေးကောင်းတဲ့ သတင်းစာဆရာမကတော့ တချိန်က မြန်မာ့သတင်းစာလောကမှာ နာမ်မည်ကြီးခဲ့တဲ့ အင်ဒီပင်းဒင့် ဒေါ်စန်းပါပဲ။ [caption id="attachment_285449" align="alignright" width="270"] ဓာတ်ပုံ - MOI[/caption] “အင်ဒီပင်းဒင့်ဒေါ်စန်း” ဟာ မြန်မာတို့ရဲ့ ပထမဦးဆုံးသော သတင်းစာဆရာမအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ သူက မန္တလေးသူ။ ဖခင်ဦးဖိန်း၊ အမိဒေါ်ရှုတို့က ၁၈၈၆ ဖေဖော်ဝါရီလမှာ မန္တလေး ရွှေချည်ထိုးရပ်နေအိမ်မှာ ဖွားမြင်ခဲ့တာ။ မိဘနှစ်ပါးလုံးက ရွှေချည်ထိုးကုန်သည်တွေ။ မွေးချင်းထဲမှာ သူက အကြီးဆုံး။ အမည်ရင်းက မစန်းယုံ။ ညီမတွေက မစန်းဖုံ၊ မစန်းမြနဲ့ မောင်ကိုကိုဆိုတဲ့ မောင်လေးတယောက်ရှိတယ်။ ညီမသုံးယောက်စလုံးကလည်း စာရေးဆရာမတွေပါပဲ။ သူတို့အားလုံးဟာ ငယ်စဉ်တည်းက အမေဖြစ်သူ ဒေါ်ရှုရဲ့ အားပေးမှုနဲ့ ပျို့၊ ကဗျာလင်္ကာတွေ လေ့လာခဲ့ကြတာ။ ဉာဏ်ပညာ ထက်မြက်ကြတယ်။ မစန်းယုံ ၁၄ နှစ်အရွယ်မှာ ဖခင်ဆုံးပါးသွားခဲ့ပေမယ့် မစန်းယုံ သတ္တမတန်းကို အစိုးရပညာသင်ဆုရရှိပြီး ထူးချွန်စွာ အောင်မြင်ခဲ့တယ်။ အဲ့နောက်တော့ မစန်းယုံဟာ မော်လမြိုင် ဆရာဖြစ်သင်ကျောင်းကနေ မူလတန်း ဆရာဖြစ်သင်တန်း အောင်မြင်ခဲ့ပြီး တောင်ငူမြို့ နော်မန်ကျောင်းမှာ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ တောင်ငူမြို့မှာပဲ လုပ်ဖော်ကိုင်ဘက် အလယ်တန်းပြဆရာ ဦးကြွက်နဲ့ လက်ထပ်ခဲ့တယ်။ သားသမီးနှစ်ယောက် ထွန်းကားခဲ့တယ်။ ဆရာမဖြစ်ချိန်ကစပြီး စာစောင်တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေထဲမှာ ဝတ္ထုဆောင်းပါးများ ရေးသားခဲ့တယ်။ သူရိယသတင်းမဂ္ဂဇင်းရဲ့ ဝတ္ထုတိုပြိုင်ပွဲမှာ “ခင်စန်းကြည်” ဆိုတဲ့ ဝတ္ထုတပုဒ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ မစန်းယုံ ပထမဆု ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “စာဆိုတော် ဒေါ်စန်းဘွဲ့ ခဲလေးချိုးကြီး” တပုဒ် ရေးသားဂုဏ်ပြုခဲ့ပါတယ်။ ဒေါ်စန်းရဲ့ ကလောင်ခွဲတွေက ပုဏ္ဏမီ၊ ဗုဒ္ဓဘာသာ မြန်မာမတို့ ဖြစ်တယ်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးနောက် မုဆိုးမဘဝနဲ့ ကလေးနှစ်ယောက် စားဝတ်နေရေးကို တာဝန်ယူရင်း စာပေများလည်း ရေးသားခဲ့တယ်။ အဲဒီအချိန်တွင်းမှာပဲ သတင်းစာနယ်က ပုဂ္ဂိုလ်တဦးဖြစ်တဲ့ သူရိယသတင်းစာ အယ်ဒီတာ ဦးဘသန်းနဲ့ နောက်အိမ်ထောင်ပြုခဲ့တယ်။ မကြာခင် ကျောင်းဆရာမအလုပ်က ထွက်ပြီး ဦးဘသန်းနေထိုင်ရာ ရန်ကုန်ကို ၁၉၂၂ ခုနှစ်ထဲမှာ ပြောင်းရွှေ့လိုက်ပါလာခဲ့ပါတော့တယ်။ မကြာပါဘူး ပေါင်းသင်းပြီး ၂ နှစ်အကြာမှာ လင်မယားကွဲတော့တာပါပဲ။ ဘာကြောင့် လင်မယားကွဲတာကို ဘယ်သူမှ မသိကြပေမယ့် သူရိယသတင်းစာ အယ်ဒီတာ ဦးဘသန်းကတော့ ဒေါ်စန်းနဲ့ညားစမှာ ဒေါ်စန်းရဲ့ အရင်ခင်ပွန်းဖြစ်သူ သွားလေသူ ဆရာကြီးဦးကြွက် နာမည်ကို အစွဲပြုပြီး သူရိယသတင်းစာမှာ “ကြွက်စုတ်ကြီး” ဆိုတဲ့ အခန်းကဏ္ဍတခု ဖွင့်ပြီး ရေးသားခဲ့ဖူးတယ်။ ဒါဟာ အယ်ဒီတာ ဦးဘသန်းရဲ့ အရင်လူအပေါ်ထားတဲ့ အတ္တနောမတိလေပဲလား။ ဒါမှမဟုတ် ခပ်ရွှင်ရွှင် ခပ်သောသော ကလိချက်ပေပဲလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စန်းတယောက်တော့ အနေခက်ကောင်း ခက်နေရှာမှာပါပဲ။ ဒီလိုနဲ့ ၂ နှစ်အကြာမှာ အိမ်ထောင်ပျက်ခဲ့ဟန် ရှိပါတယ်။ ဒီလိုနဲ့ ၁၉၂၄ ခုနှစ်ထဲမှာ အိမ်ထောင်လည်း ပြိုကွဲသွားခဲ့ပြီ၊ အလုပ်ကလည်း ထွက်ခဲ့ပြီးပြီ၊ အလုပ်ကလည်း ထွက်ချင်လို့ ထွက်ခဲ့တာမဟုတ်။ ထွက်ရတဲ့ အကြောင်းခံတွေ ရှိခဲ့တယ်။ သူ ကျောင်းဆရာမဘဝနဲ့ ဝတ္ထုဆောင်းပါးတို့ ရေးတာနဲ့ ပတ်သက်ပြီး ပညာမင်းကြီးရုံးက “ကျောင်းဆရာများသည် သတင်းစာများ၌ ဆောင်းပါးဝတ္ထုများ ရေးသားခြင်းမပြုရ၊ ရေးသားလိုလျှင် ပညာမင်းကြီးခွင့်ပြုချက် ရယူရမည်” လို့ ထုတ်ပြန်ခဲ့တဲ့အတွက် အလုပ်ကထွက်ပြီး စာရေးခဲ့တာ။ ဦးဘသန်းနဲ့ကွဲပြီး မကြာမီမှာပဲ ဒေါ်စန်းဟာ အပတ်စဉ်သတင်းစာကို ဗန္ဓုလလမ်းနဲ့ လမ်းလေးဆယ်ထောင့်မှာ “အင်ဒီပင်းဒင့်” ဆိုတဲ့ အမည်ပေးပြီး တည်ထောင်လိုက်တယ်။ အင်ဒီပင်းဒင့် သတင်းစာကိုတော့ အဓိပ္ပာယ် ၂ မျိုးနဲ့ ပေးတာလို့ ဒေါ်စန်းက ရှင်ပြခဲ့ဖူးတယ်။ တမျိုးက အိုင်းရစ်သတင်းစာ အင်ဒီပင်းဒင့်ကိုယူပြီး ဒိုင်အာခီမလို လုံးဝလွတ်လပ်ရေး လိုချင်တဲ့အဓိပ္ပာယ်။ နောက်တမျိုးက မလွတ်လပ်တဲ့ အနှောင်အဖွဲ့များသော အိမ်ထောင်သည်ဘဝကို ပြန်မသွားချင်တဲ့သဘောနဲ့ အင်ဒီပင်းဒင့်သတင်းစာလို့ အမည်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒီသတင်းစာကိုတော့ ၁၉၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာပဲ ပထမဆုံးထုတ်ဝေခဲ့တာ။ တပတ်တကြိမ်ထုတ် ဆိုပေမယ့် ဂျာနယ်လို့မခေါ်ဘဲ သတင်းစာလို့ ရေးခဲ့တယ်။ အင်္ဂလိပ်လိုတော့ Independent Weekly လို့ ဖော်ပြသလို အယ်ဒီတာမစန်းလို့ မြန်မာလိုရေးပြီး အင်္ဂလိပ်လို lady Editor Ma San လို့ ဖော်ပြထားပါတယ်။ ယောက်ျားတွေနဲ့ အပြိုင်ကျဲရတာဆိုတော့ အတော်ရုန်းကန်ခဲ့ရမှာပါ။ အဲဒီအချိန်က မိန်းမသတင်းစာဆရာ မရှိသလောက် ရှားချိန်ပေါ့။ သူက ပထမဆုံး အမျိုးသမီး သတင်းစာဆရာမပေါ့။ သူ့သတင်းစာမှာ ခေါင်းကြီးပိုင်း၊ မရွှေကျေး ဒိုင်ယာရီ၊ ဦးကွာစိ အမေးအဖြေခန်း၊ စာတိုက်ခန်း၊ မာတလိနဲ့ ဝိသကြုံ နိုင်ငံရေးဆွေးနွေးခန်း စတဲ့ ကဏ္ဍအစုံစုံအတွက် သူချည်း ဒိုင်ခံရေးသားရတဲ့အပြင် ကြော်ငြာ ငွေကြေးကအစ တကိုယ်တော် ရုန်းကန်ရတာ။ ၁၉၂၉-၃၀ ထဲမှာ သတင်းစာရောင်းအားကလည်း တက်လာတော့ သူ့ညီမနှစ်ယောက်ကို အကူခေါ်ရာက ညီမနှစ်ယောက်ဖြစ်တဲ့ စန်းဖုံကလည်း သော်တာကလောင်နဲ့ စန်းရှင်ကလည်း စန္ဒာငွေရည် အမည်ခံပြီး ရေးသားရင်း စာရေးဆရာမတွေ ဖြစ်သွားတော့တယ်။ သူတို့သတင်းစာက လက်သံပြောင်လွန်းတာကြောင့် အင်္ဂလိပ်အစိုးရရဲ့ သတိပေးခြင်းကို မကြာမကြာ ခံကြရတယ်လို့ ဆိုကြပါတယ်။ ဦးကွာစိကလောင်နဲ့ နယ်ချဲ့အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လွန်းတာကြောင့် အင်္ဂလိပ်တို့ရဲ့ မျက်မုန်းအကျိုးဆုံး သတင်းစာ ဖြစ်ခဲ့တယ်။ အထူးသဖြင့် သူ မယုံကြည်တဲ့ ဒိုင်အာခီအုပ်ချုပ်ရေးကို ဆန့်ကျင်ဝေဖန်ခဲ့တာပါ။ နောက်ဆုံး ၁၉၃၉ ခုနှစ် ကုလား-ဗမာ အဓိကရုဏ်းမှာ လမ်း ၄၀ နဲ့ မဟာဗန္ဓုလလမ်းရှိ သူ့ရဲ့ အင်ဒီပင်းဒင့် သတင်းစာတိုက်ကို ရိုက်ချိုးဖျက်ဆီးခံရတဲ့အထိ ဖိနှိပ်ခံခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်း အင်ဒီပင်းဒင့်သတင်းစာဟာ ထပ်ထွက်မလာနိုင်တော့ပါဘူး။ သတင်းစာ ပိတ်လိုက်ရပေမယ့် သူ့နာမည်နဲ့ ဂုဏ်သတင်းကတော့ “အင်ဒီပင်းဒင့်ဒေါ်စန်း” လို့ ထင်ပေါ်ကျော်ကြားလာခဲ့ပါတော့တယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတော့ ယုဝတီမှာ အယ်ဒီတာအဖွဲ့ဝင်အဖြစ် လုပ်ခဲ့တယ်။ ဦးကွာစိ ကလောင်ကိုလည်း ဒေါ်ကွာစိလို့ အမည်ပြောင်းလိုက်ပါတယ်။ အင်ဒီပင်းဒင့်ဒေါ်စန်းဟာ ၁၉၃၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ မြန်မာအမျိုးသမီး နေရှင်နယ်ကောင်စီအသင်းမှာလည်း အဓိကနေရာက ပါဝင်ခဲ့တယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများရဲ့ အသင်းသားတဦး ဖြစ်ခဲ့တယ်။ တွဲရေးခွဲရေးကာလ ၁၉၃၆ ခုနှစ် စည်းဝေးပွဲတွေမှာ သတင်းစာသမားတွေ တက်ရောက်ခွင့် မပြုတာကို ဦးဆောင်ကန့်ကွက်သူတွေမှာ အဓိက ပါဝင်ခဲ့သူလည်းဖြစ်တယ်။ မြန်မာ့အသံမှာလည်း အမျိုးသမီးကဏ္ဍအတွက် “ထွေရာစိတ်ကူး” ဆိုတဲ့ခေါင်းစဉ်နဲ့ အသံလွှင့်ခဲ့တယ်။ တကယ်တော့ အင်ဒီပင်းဒင့်ဒေါ်စန်းရဲ့ ဖြတ်သန်းရာ ဘဝတွေဟာ ထင်သလောက် မသိမ်မွေ့ခဲ့ရှာပါဘူး။ ဘဝကြမ်းမှာ တိုက်ပွဲတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံအကျိုးကို စေတနာသန့်သန့်နဲ့ လုပ်ဆောင်သူတိုင်း ကြုံတွေ့ရတဲ့ လမ်းတခုလေလားလို့ ထင်ရလောက်ပါတယ်။ စာရေးဆရာမဘဝ၊ နောက် သတင်းစာဆရာမဘဝကို စပြီဆိုကတည်းက အတိုက်အခံတွေနဲ့ ရင်ဆိုင်အံတုခဲ့ရတယ်။ ပထမအိမ်ထောင် ဆရာကြွက်နဲ့ သေကွဲ ကွဲခဲ့တယ်။ နောက် ဦးဘသန်းနဲ့ စိတ်သဘောထား မတိုက်ဆိုင်လို့ ကွဲခဲ့ရဟန်ပါပဲ။ မုဆိုးမဘဝ၊ တခုလပ်ဘဝနဲ့ ကလေးနှစ်ယောက်ကို ပျိုးထောင်ခဲ့ရသလို အင်ဒီပင်းဒင့် သတင်းစာကိုလည်း ထုတ်ဝေခဲ့တယ်။ သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်ကြောင့် အင်္ဂလိပ်အစိုးရရဲ့ မျက်မုန်းကျိုးခြင်း ခံရသလို အကြိမ်ကြိမ် သတိအပေးခံခဲ့ရတယ်။ နောက်ဆုံး အင်္ဂလိပ်တို့ သွေးထိုးမှုနဲ့ သတင်းစာတိုက်ပါ ရိုက်ချိုးဖျက်သိမ်းခြင်း ခံရပြန်တယ်။ ဒီလိုဘဝကြမ်းကို တော်ရုံ ဇွဲ၊ တော်ရုံ စိတ်ဓာတ်ခွန်အားနဲ့ ခံနိုင်ဖို့ ခက်ပါတယ်။ ဒါတွေကြံ့ကြံ့ခံရင်း ၁၉၅၀ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ မနက် ၅ နာရီခန့်မှာတော့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ သမိုင်းတခေတ်မှာ တာဝန်ကျေခဲ့တဲ့၊ မြန်မာ့လွတ်မြောက်ရေးကို ရည်သန်ပြီး အင်ဒီပင်းဒင့် သတင်းစာကို ထုတ်ဝေခဲ့တဲ့ အင်ဒီပင်းဒင့်ဒေါ်စန်းကို ပထမဦးဆုံး မြန်မာတို့ရဲ့ သတင်းစာဆရာမတဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။ (သုတကဖေး) -  ဆရာဋ္ဌေး ကိုးကား ရွှေဥသြ တချိန်ကထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ မြန်မာ့စွယ်စုံကျမ်း အတွဲ ၄။ Wikipedia ဓာတ်ပုံ - MOI

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up