နိုင်ငံတော်အကြီးအကဲရဲ့ ခရီးစဉ်တွေမှာ တင်ပြလိုတဲ့စာတွေကို အတူပါလာတဲ့ တိုင်ကြားစာလက်ခံရေးအဖွဲ့ကိုပဲ ပေးကြဖို့ သမ္မတရုံးက ဒီနေ့ ပန်ကြားလိုက်ပါတယ်။
နိုင်ငံအကြီးအကဲတွေရဲ့ ခရီးစဉ်တွေမှာ ပြည်သူတချို့က သူတို့ရဲ့ နစ်နာချက်တွေ၊ တိုင်ကြားချက်တွေနဲ့ အကြံပြုချက်တွေကို ကိုယ်တိုင်ကိုယ်ကျပေးဖို့ ကြိုးစားတာ၊ ပေးဖို့ အခွင့်မသာတဲ့အချိန်တွေမှာ စာနဲ့ ပစ္စည်းတွေကို ပစ်ပေါက်ပေးတာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီလိုလုပ်လို့ အကြီးအကဲတွေရဲ့ လုံခြုံရေးအတွက် ပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှု မြင့်တက်စေပြီး ဝေဖန်တာတွေလည်း တိုးလာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပေးလိုတာတွေကို အကြီးအကဲတွေရဲ့ ခရီးစဉ်မှာ အတူပါလာတဲ့ နိုင်ငံတော် သမ္မတရုံးက ဖွဲ့ပေးထားတဲ့ တိုင်ကြားစာလက်ခံရေးအဖွဲ့ကို ပေးအပ်ကြဖို့နဲ့ အဲဒီအဖွဲ့က စာတွေကို စနစ်တကျ မှတ်ပုံတင် စာရင်းသွင်းပြီး ပျောက်ပျက်မှု မရှိစေဘဲ အကြီးအကဲတွေကို တင်ပြနိုင်ရေး အလေးအနက်ထား စီစဉ်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော် အကြီးအကဲတွေဆီကို ပေးပို့လာတဲ့ စာတွေကို သမ္မတရုံး တိုင်ကြားစာဌာန (ဖုန်း၊ ဖက်စ် ၀၆၇ ၃၄၀ ၉၁၁၇) က မှတ်တမ်းရေးသွင်းပြီး ခိုင်လုံမှု ရှိ၊ မရှိစိစစ်တာ၊ ခိုင်လုံတဲ့ စာတွေကို သက်ဆိုင်ရာဌာန အသီးသီးကိုပေးပို့ စိစစ်ဆောင်ရွက်စေပြီး တင်ပြသူဆီကို လက်ခံရရှိကြောင်း ပြန်ကြားပေး နတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာဌာနတွေက အကြောင်းပြန်လာတဲ့အခါ နိုင်ငံတော် အကြီးအကဲတွေဆီကို ဆက်တင်ပြတာ၊ သတ်မှတ်ကာလမှာ အကြောင်းမပြန်တဲ့ အမှုတွဲတွေအတွက် သက်ဆိုင်ရာဌာနတွေကို ထပ်အသိပေးတာ၊ ဌာနတွေက အကြောင်းပြန်လာတဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ ဖြေရှင်းပေးတဲ့ အခြေအနေတွေကို ကာယကံရှင်တွေထံ အကြောင်းပြန်ပေးနေတယ်လို့လည်း ဆိုပါတယ်။