Home
မြန်မာသတင်း
စစ်အစိုးရလက်ထက် ပညာရေးအမှောင်ခေတ်ဟု ပြောဆိုမှု ကြံ့ခိုင်ရေးအမတ်ကန့်ကွက်
အောင်ဆန်းဦး
·
August 14, 2018
တပ်မတော်အစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ပညာရေး အမှောင်ခေတ်ဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်ရဲ့ ပြောဆိုမှုကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က ကန့်ကွက်လိုက်ပါတယ်။ သြဂုတ် ၁၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ  တောင်တွင်းကြီး မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်က အခြေခံပညာရေးကဏ္ဍမှာ အမျိုးသားဆရာ ဦးရေ သိသာစွာကျဆင်းနေတဲ့အတွက် အမျိုးသားဆရာဦးရေ တိုးချဲ့ခန့်ထားဖို့ သင့်လျော်တဲ့ အစီအစဉ်တွေ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။ မေးခွန်ရှင်ရဲ့ အဆိုအရ လက်ရှိကာလ ကျောင်းသားလူငယ်တွေဟာ လေးစားအတုယူ ရမယ့် ဆရာအင်အား နည်းပါးနေတဲ့အတွက် ရဲရင့်မှု၊ သတ္တိရှိမှုနည်းပါးလာပြီး ပျော့ညံ့မှုတွေ ရှိလာနေတဲ့အတွက် မေးမြန်းရတာလို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ် နောက်ပိုင်းကာလမှာ ပညာရေးအမှောင်ခေတ်ဖြစ်ခဲ့တဲ့ အတွက် ကျောင်းဆရာအများစုဟာ ပညာရေး ဝန်ထမ်းဘဝကနေ ထွက်ခွာသွားသူ အများအပြားရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီပြောဆိုမှုအပေါ်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးမောင်မြင့်က မေးခွန်းရှင်အနေနဲ့ လွှတ်တော်ရဲ့ ဥပဒေနည်း ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့ တပ်မတော် အစိုးရကာလအတွင်းမှာ ပညာရေး အမှောင်ခေတ်လို့ သုံးနှုန်းသွားတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့အစိုးရအပေါ်မှာ ပြတ်ရယ်ပြုတဲ့ အသုံးအနှုန်း၊ ရှုတ်ချတဲ့အသုံးအနှုန်းတွေကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တင်ပြရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမောင်မြင့် ကန့်ကွက်ခဲ့တဲ့ ပညာရေးအမှောင်ခေတ်ဆိုတဲ့ အသုံးအနှုန်းကို လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မေးခွန်းမေးမြန်းတာ၊ အဆိုတင်သွင်းဆွေးနွေးတာတွေ ပြုလုပ်တဲ့အခါမှာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ပြောဆိုသုံးနှုန်းကြဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အသိပေးပြောဆိုခဲပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်း မေးမြန်း၊ အဆိုတင်သွင်း ဆွေးနွေးတဲ့အခါမှာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဖြစ်စေဖို့အတွက် ပါတီ စိစစ်ရေးအဖွဲ့ကို တင်ပြပြီးမှသာ မေးမြန်းဆွေးနွေးကြဖို့ သြဂုတ် ၁၃ ရက်က ပါတီရဲ့ စီအီးစီ အဖွဲ့က အစည်းအဝေးပြုလုပ်ပြီး  ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024