Home
မြန်မာသတင်း
ဆေးကြောင်သည့် အမျိုးသားတဦးက ဇနီးနှင့် ကလေးငယ်ကို ဓားဖြင့်ခုတ်
ပိုင်စိုး
·
August 14, 2018
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်နေသူ တဦးကဇနီးနဲ့ သမီးငယ်ကို ဓားနဲ့ခုတ်လို့ ဖမ်းဆီးခံထားရတယ်လို့  နယ်မြေရဲစခန်းက သိရပါတယ်။ မိုင်းဆတ်မြို့နယ်၊ ဝိန်းနေရွာမှာနေထိုင်တဲ့ မြင့်နိုင်ဦးဟာ သြဂုတ် ၁၂ ရက် ညပိုင်းက တူမီးသေနတ်နဲ့ရမ်းကားနေလို့ ဖမ်းဆီးထားတယ်လို့လည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓားနဲ့ ခုတ်ခံရတဲ့ ကလေးငယ်ကို ကူညီပေးနေတဲ့ အဖြူရောင်လူငယ်အဖွဲ့ဝင် ကိုဖုန်းမြင့်က “ဓားနဲ့ ခုတ်ခံရတဲ့ ကလေးက စိုးရိမ်စရာတော့ မရှိဘူး။ နေရာတော်တော်များများ မွှမ်းခံရသလို ဖြစ်တာပါ။ အဖေလုပ်သူက ဆေးကြောင်ပြီး ရမ်းနေတော့ ဖမ်းတာမှာ ကလေးတွေ အကြောင်းသိရတာ။ အဲဒီနောက်မှာမှ ဆေးရုံကိုရောက်လာတာ” လို့ ပြောပါတယ်။ ဓားနဲ့ခုတ်ခံရတဲ့အမျိုးသမီး ထွက်ပြေးပျောက်ဆုံးနေသလို ကျန်ရစ်ခဲ့တဲ့ သားသမီး ၇ ဦးလည်း ကျွေးမွေးစောင့်ရှောက်သူမရှိလို့ အကူအညီလိုအပ်နေတယ်လို့  မိုင်းဆတ်မြို့၊ အဖြူရောင်လူငယ်အဖွဲ့ဝင် မမိုးကပြောပါတယ်။ “အမေဖြစ်သူက လွန်ခဲ့တဲ့ တပတ်လောက်ကပဲ ဘယ်ကို ထွက်ပြေးနေမှန်း မသိဘူး။ ၂ နှစ်အရွယ် သမီးလေးက ဒဏ်ရာရလို့ ဆေးရုံရောက်လာတယ်။ ကလေးတွေကို အဘိုးဖြစ်သူက စောင့်ရှောက်နေတော့ အငယ်ဆုံး အမြွှာကလေးတွေလည်း ရောက်လာတယ်။ အဲတော့မှ ကျမတို့ သိပြီး ကူညီပေးနေတာပါ” ကလေးတွေရဲ့ အဘိုးဖြစ်သူကလည်း ကျပန်း လုပ်ကိုင်တာကြောင့် ပြုစုဖို့ အခက်အခဲဖြစ်နေပြီး မွေးစားချင်သူကို ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ လည်း သူက ပြောပါတယ်။ “အကြီးဆုံးကလေးက ၆ တန်းလို့ သိရတယ်။ အမြွှာလေးတွေက မိန်းကလေးနဲ့ ယောက်ျားလေး။ အသက်က ၄ လပဲ ရှိသေးတယ်။ အဖေက ထောင်ကျနိုင်တော့ ရေရှည်ဆို ပြုစုဖို့ မလွယ်ဘူးလေ။ အဲဒါကြောင့် မွေးစားချင်သူကို ပေးဖို့ ဆုံးဖြတ်ထားတာ” လို့ မမိုးက ပြောပါတယ်။ လက်ရှိမှာတော့ မွေးစားဖို့ ပြောလာသူတွေရှိနေပြီး တရားဝင်ပေးနိုင်အောင် မိခင်ကို လိုက်ရှာနေကြဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဖုန်းမြင့်၊ မမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024