DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူလူသတ်မှု သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီး
DVB
·
July 27, 2012
Donate to DVB

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင်းက ကျေးရွာတရွာမှာ လူအုပ်စုလိုက် ၀ိုင်းဝန်းထိုးခုတ်လို့ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တဲ့အမှုမှာ လူသတ်မှုနဲ့ သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးအမှုဖွင့်ထား ပါတယ်။

ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာသား ဦးရဲဝင်းနဲ့ အဖော် ဦးကြည်မောင်တို့ဟာ  ဇူလိုင် ၂၅ ရက် မနက် ၉ နာရီခွဲက ကျေးရွာဘုန်းကြီးကျောင်းကနေ  ဆိုင်ကယ်နဲ့ အပြန်လမ်းမှာ ထိုးခုတ်ခံခဲ့ရတာပါ။

ဦးခေါင်းတ၀ိုက် ဓားဒဏ်ရာဗရပွနဲ့ ဦးရဲဝင်းဟာ ဆေးရုံအသွား လမ်းမှာတင် သေဆုံးခဲ့ပြီး ဦးကြည်မောင်ကတော့ လက်ချောင်း ၃ ချောင်း ဓားဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ဦးကြည်မောင်က အကူအညီတောင်းလို့ ရွာသားတွေ ထွက်လိုက်တဲ့အခါ သတ်သူတွေကို မမြင်တွေ့တော့ပေမယ့် ဦးရဲဝင်း အသက်မထွက်ခင် ပြောဆိုချက်နဲ့ ဦးမြင့်ကြည်တို့ရဲ့ ပြောဆိုချက်အရ ရဲက ဦးဝင်းမော်နဲ့ ဦးထွန်းထွန်းဆိုသူ ၂ ဦး အပါအ၀င် ၈ ဦးကို အမှုဖွင့်ပါတယ်။

ဒီအကြောင်းကို ပွင့်ဖြူအန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ဝင်းက “ကိုရဲဝင်းကို ကိုဌေးအောင်က ဆွဲပြီး ကုန်းပေါ်တင်တယ်။ ပြီးတော့ ချက်ချင်းမေးတာ ဘယ်သူတွေလဲ ဘယ်သူတွေလဲဆိုပြီး၊ ကိုရဲဝင်းက မသေခင်လေးမှာ ဟိုကောင် ၀င်းမော်တို့အဖွဲ့ ၈ ယောက်လို့ ပြောသွားတယ်။ အဲလိုပြောပြီး ဆေးရုံပို့ဖို့ လုပ်ကြတယ်။ လှည်းနဲ့တင်ပြီး လမ်းခုလတ်မှာ ဆုံးသွားတယ်”လို့ ပြောပါတယ်။

ဝိုင်းဝန်းထိုးခုတ်သူ ၈ ဦးဟာ သရက်ကုန်း၊ သမန်းရင်းနဲ့ သမုန်းကုန်း ရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ပွင့်ဖြူမြို့နယ်ရဲက ညတွင်းချင်း ဦးဝင်းမော်နဲ့ ဦးထွန်းထွန်းအပါဝင် ၄ ဦးကို ဖမ်းဆီးပြီးနောက် ကိုအုန်းရွှေနဲ့ ကိုတင်လင်းတို့ ၂ ဦးကို ပြန်လွှတ်ပေးပါတယ်။

အသက် ၅၀ ခန့်အရွယ် ဦးရဲဝင်းဟာ သမန်းရင်းကျေးရွာမှာ လူထုနစ်နာတဲ့ကိစ္စကို မဟုတ်မခံ တင်ပြတိုင်တန်းလေ့ရှိသူ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။

အရင်က မီတာဘောက်ဖိုးငွေယူပြီး ငွေစာရင်းမရှင်းတဲ့အပေါ် ဦးရဲဝင်း ဦးဆောင်တိုင်တန်းတဲ့ကိစ္စတခုကြောင့် ဦးဝင်းမော်ဟာ ခေါ်ယူစစ်ဆေး ခံနေတယ်လို့ ဆိုပါတယ်။

ဖမ်းခံရတဲ့ ဦးဝင်းမော်ဟာ မကွေးတိုင်း လယ်ဆည်ဝန်ကြီး ဦးအောင်နိုင်ရဲ့ တပည့်လက်သားတဦးလို့ ရွာသားတွေက ပြောပြကြပါတယ်။

အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာ ပွင့်ဖြူမြို့နယ်နဲ့ ကျောက်တော် ကျေးရွာကြား က မောင်တောကြီးကျေးရွာတောစပ်မှာ တိုင်းလယ်ဆည်ဝန်ကြီး ဦးအောင်နိုင်နဲ့ အဖွဲ့ကို မော်တော်ကားနဲ့တကွတွေ့ပုံ။ မောင်တောကြီးရွာဟာ ဦးအောင်နိုင်ရဲ့ အခြေပြုဒေသဖြစ်လို့ အဲဒီကို ရဲက သတင်းအရ သွားရောက်ရှာရာမှာ မောင်တောကြီးရွာ အုပ်ချုပ်ရေးမှူး အိမ်တွင်းကို ဆိုင်ကယ် ၁ စီးနဲ့ လူ ၃ ဦးရောက်လာပြီး ရဲက ၀င်ရောက်ရှာဖွေရာမှာ တယောက်မှ မတွေ့ပုံကို ဦးအောင်ဝင်းက ခုလို ရှင်းပြပါတယ်။

“ဆိုင်ကယ်တစီးနဲ့ လူ ၃ ယောက်စီးပြီး မောင်တောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လှအိမ်ထဲကို ၀င်သွားပါတယ်။ လူစိမ်းတွေ ဆိုပြီး သတင်းလာပေးလို့ ရဲတွေက လိုက်သွားတဲ့အခါမှာ ဆိုင်ကယ် ၁ စီးပဲတွေ့ပါတယ်။ လူတွေက မရှိတော့ပါဘူး။ ဖြစ်စဉ်က ဒါပဲ။”

သေဆုံးသူ ဦးရဲဝင်းဟာ အန်အယ်လ်ဒီစည်းရုံးရေးမှူးဖြစ်သလို အများပြည်သူ ထောက်ခံမှု ရထားသူဖြစ်ပြီး ဦးဝင်းမော်ကတော့ ပြည်ခိုင်ဖြိုးပါတီကဖြစ်ပြီး လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာလည်း အချေအတင်တွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ဖြူရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

ဦးရဲဝင်းရဲ့အလောင်းကို မနေ့က ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ သူ့ဇနီးသည်နဲ့ တက္ကသိုလ် တက်ရောက်နေတဲ့ သမီးနဲ့ သားတဦး ကျန်ရစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013