Home
မြန်မာသတင်း
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က တင်သွင်းသည့်စာတမ်း အိုင်စီစီ ပယ်ချ
DVB
·
August 12, 2018
ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC)က မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ စီစဉ်နေတဲ့အပေါ် ကန့်ကွက်တဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က တင်သွင်းတဲ့ စာတမ်းကို ပယ်ချလိုက်ပါတယ်။ ရခိုင်မြောက်ပိုင်းက ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးရှေ့နေချုပ်က တင်ပြခဲ့ပါတယ်။ ဒီလျှောက်လွှာကို တရားရုံးက လက်ခံပြီး ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေကို မြန်မာအစိုးရအနေနဲ့ ဇူလိုင် ၂၇ ရက်နောက်ဆုံး ထားပြီး ရှင်းလင်းဖို့ ပြောကြားထားတာပါ။ အဲဒီနေ့မတိုင်ခင်တရက် ဇူလိုင် ၂၆ ရက်မှာပဲ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က သူတို့ရဲ့ စာတမ်းကို ပေးပို့ခဲ့တာပါ။ “ကျနော်တို့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ကတော့ တာဝန်သိ အရပ်ဘက် သုတေသန အဖွဲ့အစည်းတခုအနေနဲ့ မြန်မာနိုင်ငံမှာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို သမိုင်းအထောက်အထားတွေနဲ့ စုစည်းပြီးတော့မှ  Amicus Curiae လို့ခေါ်တဲ့ Friend of the Court စာတမ်းကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သြဂုတ် ၁ဝ ရက်နေ့မှာတော့ အိုင်စီစီရဲ့ Procecutor Request (တရားလိုလျှောက်ထားချက်) နဲ့ မကိုက်ညီဘူးလို့ ဆိုပြီး အကြောင်းကြား လာပါတယ်” လို့ ပြောပါတယ်။ ဒီလိုငြင်းနိုင်တယ်လို့ ကြိုတင်မျှော်မှန်းထားတယ်လို့လည်း သူက ပြောပါတယ်။ ဒီစာတမ်းမှာ မြေပြင်ကွင်းဆင်း လေ့လာတွေ့ရှိတာတွေကို ကိုးကားရေးထားတာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို လေ့လာသုံးသပ်ခြင်း စာတမ်းကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီစာတမ်းမှာ မြန်မာကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးမှာ ခုံရုံးတင် စစ်ဆေး နိုင်ဖို့ ရာဇဝတ်မှုအခြေခံတဲ့ သက်သေအထောက်အထား ကောက်ယူတာကို နည်းအမျိုးမျိုးနဲ့ လုပ်ဆောင် နေတာမှာ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေအပေါ် ဂြိုလ်တုဓာတ်ပုံတွေနဲ့ ထောက်လှမ်းတာ၊ ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ စွပ်စွဲပြသထုတ်ပြန်တဲ့ ဓာတ်ပုံတွေဟာ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးတာ၊  ဗွီဒီယိုတွေ၊ အသံဖမ်းထားတဲ့ အခွေတွေ၊ တခြားအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေနဲ့ မျက်မြင်သက်သေမှတ်တမ်းတွေ၊ ဆေးမှတ်တမ်း တွေ၊ သံတမန်တွေ၊ သတင်းဌာနတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ ကုလသမဂ္ဂဆိုင်ရာ ဝန်ထမ်းတွေရဲ့ အစီရင်ခံစာတွေ၊ လူသေမှတ်တမ်း၊ သင်္ချိုင်းတွေကို စစ်ဆေးတာ စသည်ဖြင့် နည်းမျိုးစုံကို သုံးပြီး လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဖိအားနဲ့ စွပ်စွဲအရေးယူတာတွေကို ခုခံ ကာကွယ်ဖို့အတွက် အစိုးရနဲ့ တပ်မတော်တို့ အတူဆွေးနွေး ပူးပေါင်းလက်တွဲဖို့လိုတယ်လို့ လည်း အကြံပြုထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကတော့ အိုင်စီစီအနေနဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံကို ဥပဒေကြောင်းအရ ဝင်ရောက်ပြီး တရားစီရင်ပိုင်ခွင့် မရှိကြောင်းနဲ့ အိုင်စီစီရဲ့ မေးမြန်းစုံစမ်းတာတွေကို တုံ့ပြန်ဖြေကြားဖို့လည်း တာဝန်မရှိကြောင်း သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ နယ်မြေရှင်းလင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်လို့ တပ်မတော်ကို စွပ်စွဲထားတာတွေ ရှိနေပေမယ့် တပ်မတော်ဟာ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာ ကြောင့် အိုင်စီစီစွပ်စွဲတာတွေနဲ့ ပတ်သက်လို့ သီးခြားထုတ်ပြန်စရာ မလိုဘူးလို့ ယူဆကြောင်း လည်း ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024