Home
မြန်မာသတင်း
အွန်လိုင်းပေါ်က အမုန်းစကားစောင့်ကြည့်လေ့လာရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုရှိရန်လိုဟု ဆို
ဇေယျာချမ်းအေး
·
August 12, 2018
အစိုးရကဆောင်ရွက်နေတဲ့ အင်တာနက်ပေါ်က အမုန်းစကားစောင့်ကြည့်လေ့လာရေး လုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ အမုန်းစကားတွေ ပြန့်နေတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး လိုအပ်သလိုစောင့်ကြည့်ရေးအဆိုကို လွှတ်တော်ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်က ၂ဝ၁၇ အောက်တိုဘာလက လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့အဆိုကို အကောင်အထည်ဖော်တဲ့အနေနဲ့ အစိုးရက ၂ဝ၁၈ ဖေဖော်ဝါရီလမှာ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလုပ်ငန်းကို အကောင်အထည် ဖော်ဖို့ ငွေကျပ်သန်းပေါင်း ၆၄ဝဝ ကျော်သုံးစွဲခဲ့ပါတယ်။ ဒီလိုငွေကြေးတွေအများအပြားသုံးစွဲပြီး အလုပ်လုပ်နေတဲ့အဖွဲ့အစည်းဟာ ဘယ်လို စံနှုန်းတွေနဲ့အလုပ်လုပ်နေတယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ သင့်မြတ်ချစ်ကြည်ရေးအလုပ်အဖွဲ့ အဖွဲ့ဝင် ဒေါ်ဇာခြည်ဦးက ပြောပါတယ်။ “အစိုးရအနေနဲ့ တားမယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိဖို့လိုမယ်။ အဲဒီအဖွဲ့အစည်းက ဘာမူဝါဒနဲ့ လည်ပတ်နေမှန်းကို ကျမတို့ မသိဘူး။ အဖွဲ့အစည်းမှာ ဘယ်သူပါတယ်၊ ဘယ်သူက တာဝန်ခံတဲ့ ဝန်ကြီးဌာနလဲ။ ဘယ်ဟာကိုတားတာလဲ။ တားတဲ့အခါမှာ ဘယ်လိုအဆင့်အတန်း သတ်မှတ်ချက်တွေနဲ့ ဘယ်ဟာကို အမုန်းစားလဲဆိုတာလဲ ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တောင် ကျမတို့ မသိဘူး” လို့ ပြောပါတယ်။ ဆိုရှယ်မီဒီယာပေါ် Follower သိန်းချီရှိခဲ့ပြီး အကောင့်ပိတ်သိမ်းခံခဲ့ရတဲ့ ဦးလှဆွေ ကတော့ အစိုးရရဲ့ အမုန်း စကားစောင့်ကြည့်ရေးအတွက်သုံးစွဲတဲ့ငွေကြေးဟာ ပမာဏများလွန်း ပြီး အစိုးရသတ်မှတ်ထားတဲ့ အမုန်းစကားဆိုတာ အစိုးရကို အတိုက်အခံပြောတဲ့သူတွေရဲ့ စကားတွေကို သတ်မှတ်သလိုဖြစ်နေတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ “ကျနော့်မှာဆိုရင် ဘာမှမပါဘူး။ အဲဒါကို Follower လေးသိန်းခွဲ ရှိတဲ့ဟာကို ဖြုတ်ချလိုက်တယ်။ အဲဒါကို ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းတယ်။ အဲဒါကို ကျနော်တို့ ဖြုတ်ချတာ မဟုတ်ဘူးတဲ့။ သူဖြုတ်ချတာမဟုတ်ရင် ဘယ်သူက ဖြုတ်ချမှာလဲ။ ဖေ့စ်ဘွတ်ခ်က ဖြုတ်ချမှာ လား။ ဖေ့စ်ဘွတ်ခ်က အမျိုးသမီးလာတော့ ပြောတယ်။ အစိုးရက PinPoint ပင့်ပွိုင့်ပေးထားတဲ့လူတွေကို ကျမတို့ ဖြုတ်ချလိုက်ပါတယ်ဆိုပြီး အဲလိုပြောသွားတယ်။ အစိုးရက ဖြုတ်မချဘူးလို့ပြောတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ အစိုးရပြောတဲ့လူကို ဖြုတ်ချပေး တယ်လို့ ပြောတယ်” လို့ ပြောပါတယ်။ အစိုးရရဲ့ အင်တာနက်ပေါ်က အမုန်းစကားတွေကို စောင့်ကြည့်လေ့လာ တားဆီးရေး လုပ်ငန်းတွေဟာ မလိုလားအပ်တဲ့အမုန်းစကားတွေသာမက ပြည်သူတွေရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုပါ ထိပါးလာနိုင်တဲ့အတွက် လူ့အခွင့်လှုပ်ရှားသူတွေက စိုးရိမ်မှုတချို့ ရှိနေပါတယ်။ အစိုးရအနေနဲ့ အရေးယူမှုတွေပြုလုပ်တဲ့အခါမှာ အကောင့်တုတွေကို ထိထိရောက်ရောက်ဖော်ထုတ်အရေးယူနိုင်မယ်ဆိုရင် အင်တာနက်ပေါ်က အမုန်းစကားတွေ ဟာ ထိုက်သင့်သလောက် လျော့နည်းသွားလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024