လယ်မြေအသိမ်းခံ တောင်သူများကိစ္စ စုံစမ်းဖော်ထုတ်ရန် လွှတ်တော်တွင် အတည်ပြု
DVB
·
July 26, 2012

ဒီနေ့ကျင်းပပြုလုပ်နေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဇလွန်မြို့နယ် လွှတ်တော်အမတ် ဦးတင်ထွတ် တင်သွင်းတဲ့အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တယ်လို့ သိရပါတယ်။
လယ်ယာမြေသိမ်းဆည်းခံရမှုများအတွက် တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးဖို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
[caption id="attachment_28489" align="alignleft" width="300" caption="ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း"]
[/caption]
ပြည်ထောင်စု စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူကတော့ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူတွေအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ မလိုဘူးလို့ မိနစ် ၄၀ လောက် ကန့်ကွက်ပြောဆိုခဲ့တဲ့ အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ရဖို့ မဲခွဲဆုံးဖြတ်ရမှာ ထောက်ခံမဲ ၃၉၅၊ ကန့်ကွက် ၁၇၆ မဲနဲ့ ကြားနေ ၂၄ မဲနဲ့ ထောက်ခံ ဆုံးဖြတ်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဦးတင်ထွတ် တင်သွင်းတဲ့ အဆိုကို ထောက်ခံဆွေးနွေးပြီး ဒီမိုကရေစီကို အကြောင်းပြပြီး စည်းကမ်းမဲ့ စနစ် မလုပ်ဖို့ ပြောဆိုပြီး ဒီမိုကရေစီအာဏာရှင် မဖြစ်ဖို့ကိုလည်း ဝေဖန်ထောက်ပြသွားပါတယ်။
“ဒီမိုကရေစီဟာ အများပိုင်တယ်၊ အများနဲ့ဆိုင်တယ်၊ ပြည်သူများ ပိုင်တယ်လို့တောင် ပြောလို့ရ ပါတယ်။ တဦးတယောက်၊ တဖွဲ့ပိုင် မဟုတ်ပါဘူး။ ဒီမိုကရေစီကိုအကြောင်းပြကာ စည်းမဲ့ကမ်းမဲ့ လုပ်၍မရနိုင်ပါ။ စနစ်တကျဆောင်ရွက်၍၊ စနစ်မကျဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီမှာ စည်း စနစ်ရှိပါတယ်။ ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေးကိုလည်း သတိပြုထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်။ ပါတီစွဲ၊ ၀ါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်ဘာသာစွဲများ မထားရှိသင့်၊ ပုဂ္ဂိုလ်စွဲ မထားရှိဘဲနဲ့ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် မျှမျှတတဆောင်ရွက်ကြပါရန်လည်း လွှတ်တော်အတွင်းမှာဆောင်ရွက်ကြဖို့ ထပ်လောင်းတင်ပြလိုပါတယ်။”
လယ်ယာမြေ သိမ်းဆည်းခံရမှုများအတွက် တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ လွှတ်တော်က အတည်ပြုလိုက်တာဟာလည်း ယခင် စစ်အစိုးရလက်ထက်မှာ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေ၊ စစ်အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး ကုမ္ပဏီတွေက တောင်သူတွေ ပိုင်မြေတွေကို အတင်းအဓမ္မ သိမ်းဆည်းခဲ့တာဖြစ်ပြီး တောင်သူတွေက ဆန္ဒထုတ်ဖော်တာတွေ လုပ်ဆောင်နေချိန်လည်း တိုက်ဆိုင်နေပါတယ်။
