ကြံခိုင်ရေးပါတီ စည်းရုံးရေး တိုးချဲ့လုပ်နေ
DVB
·
July 26, 2012
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဟာ အခုရက်တွေအတွင်း နိုင်ငံအနှံ့အပြားမှာ ရပ်ကွက်နဲ့ကျေးရွာထိ ပါတီရုံးတွေ တိုးချဲ့ဖွင့်လှစ်ပြီး စည်းရုံးရေးလုပ်ငန်းတွေ တိုးချဲ့ပြုလုပ်နေပါတယ်။
နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက ရပ်/ကျေးရုံးတွေ ဖွင့်နေတာနဲ့ပတ်သက်ပြီး လယ်ဝေး ဒေသံတဦးက “အခု ရွာတွေမှာ လိုက်ဖွင့်နေတယ်။ လယ်ဝေးမြို့ထဲမှာကို ဖွင့်တာတွေရှိတယ်။ ဘာလို့လဲဆိုတော့ အန်အယ်လ်ဒီက အမှတ် ၂ ရပ်ကွက်မှာ ဖွင့်လိုက်တယ်။ သဲကောမှာ ဖွင့်လိုက်တယ်။ နောင်ပုံမှာဖွင့်လိုက်တယ်။ အဲလိုရုံးခွဲတွေဖွင့်ထားတော့ လူထုက အန်အယ်လ်ဒီဘက် ယိုင်သွားမှာစိုးတာနဲ့ သူတို့ကလည်း ရွာလေးတွေမှာ ဦးအောင် ပြည်ခိုင်ဖြိုး ရုံးခွဲလေးတွေ လိုက်ဖွင့်တဲ့ သဘောပေါ့။”
အလားတူ မန္တလေးမြို့ပေါ် မှာလည်း ကြံ့ခိုင်ရေး ရပ်ကွက်ရုံးတွေ ဖွင့်လှစ်လာတယ်လို့ မန္တလေးဒေသခံတွေ က ပြောပါတယ်။
မန္တလေးမြို့မှာတော့ အခုတလော ကြံ့ခိုင်ရေးပါတီလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မီဒီယာသမားတွေကို ဖိတ်တာတွေ လုပ်လာပေမယ့် လွတ်လွတ်လပ်လပ် မေးမြန်းလို့မရတဲ့အတွက် သတင်းသမား အများစုကတော့ မသွားကြဘူးလို့ မန္တလေးအခြေစိုက်သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်း က ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အပြိုင် ရပ်/ကျေးရုံးတွေ ဖွင့်နေတာလို့လည်း ကိုမင်းထက်ငြိမ်းချမ်းက သုံးသပ်ပြောဆိုပါတယ်။
“ရပ်/ကျေးတွေတော့ လိုက်ဖွင့်နေတယ်။ ဖွင့်ပေမယ့် အန်အယ်လ်ဒီလို လူတွေစည်စည်ကားကားနဲ့ အုန်းအုန်းကျွက်ကျွက် သီချင်းသံတွေ ဆူဆူညံညံနဲ့လည်း မဟုတ်ပါဘူး။ အန်အယ်လ်ဒီကျ အားပေးထောက်ခံမှုတွေက အပြည့်ရှိနေတာကိုး။”
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် ခုလို ပါတီစည်းရုံးရေးတွေ တိုးချဲ့ဆောင်ရွက်လာ တာ ဖြစ်ပါတယ်။