ပြည်ပကို နွားတင်ပို့မှု တရားဝင်ခွင့်ပြုထားမှုအပေါ် ပြန်လည်သုံးသပ်မည်
DVB
·
August 9, 2018
ပြည်ပကို နွားတင်ပို့မှု တရားဝင်ခွင့်ပြုထားမှုအပေါ်ပြန်လည်သုံးသပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပြည်ပနွားတင်ပို့မှုကို တရားဝင်ခွင့်ပြုလိုက်တာကြောင့်ပြည်တွင်း နွားဈေးအဆမတန်မြင့်တက်သွားပါတယ်။ ခုလိုနွားဈေးမြင့်တက်မှုက တောင်သူတွေအတွက် အဓိကဖြစ်တဲ့ ခိုင်နွားထူထောင်နိုင်ဖို့ ခက်ခဲမှုကိုဖြစ်စေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့မနက် ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာမှာ ကျင်းပတဲ့ လူထုစကားဝိုင်းမှာ တောင်သူဦးသက်ခိုင်ရဲ့ တင်ပြမှုကို ခုလိုပြန်လည်ဖြေကြားလိုက်တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ ဘယ်စီမံကိန်းမှ မအောင်မြင်နိုင်ဘူး။ ခုနွားတွေကိစ္စပေါ့နော် ကျမတို့ သဘောပေါက်တယ်။ ခိုင်းစားနွားတွေကို ရောင်းစားလိုက်မယ်ဆိုရင် တောင်သူလယ်သမားတွေမှာ ပြဿနာရှိတယ်။ သို့သော်ငြားလဲ ဒီလိုတရားဝင်လုပ်ရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတော့ ခိုးခိုးပြီး ရောင်းနေတယ်။ ခိုးခိုးပြီးရောင်းနေတဲ့ အခါကြတော့ ဘယ်ဘက်ကမှ အမြတ်မရှိဘူး၊ ဒါကို တရားဥပဒေဘောင်အတွင်းဝင်အောင်လုပ်လိုက်တဲ့ သဘောပဲ၊ ဒါပေမဲ့ သားပြောတာကို ပြန်သုံးသပ်ပါ့မယ်” လို့ ပြောပါတယ်။
ပြည်ပတင်ပို့မှုကြောင့်ပြည်တွင်းမှာ တောင်သူတွေအတွက် နွားအခက်အခဲဖြစ်ပေမဲ့ နွားကို အားထားနေရတဲ့ အနေအထားကို ပြုပြင်နိုင်အောင်ကြိုးစားရမယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က“နှစ်ဘက်ရှိတာပေါ့ တစ်ဘက်ကတော့ လယ်လုပ်စက်တွေ မတတ်နိုင်လို့ နွားတွေကို အားကိုးရတာ၊ နွားတွေကို အားကိုးရတဲ့ အခါမှာ နွားတွေက ပြည်ပကိုထွက်ထွက်သွားတဲ့ အခါကြ နွားတွေရှားသွားတဲ့ အခါ တာင်သူတွေမှာ ပြဿနာဖြစ်တယ်။ ပြီးတော့ နွားတွေ အားကိုးမှုကို ကျဆင်းလာအောင် လုပ်ရမယ်။ တောင်သူတွေအနေနဲ့ လယ်ယာသုံးစက်တွေကို သုံးနိုင်အောင်လဲလုပ်ရမယ်။”လို့ ဆက်ပြောပါတယ်။
လက်ရှိအနေနဲ့ တောင်သူတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းမှာ ကောင်းကောင်း အသုံးပြုနိုင်တဲ့ သန်မာတဲ့ နွားတစ်ကောင်ကို သိန်း ၂၀ နဲ့ အထက်မှာရှိပါတယ်။ တောင်သူ တစ်ဦးအတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နိုင်ဖို့ အနည်းဆုံး နွားနှစ်ကောင် လိုအပ်ပါတယ်။