မင်္ဂလာဒုံတွင် စံချိန်တင်ဖမ်းမိသည့် စိတ်ကြွဆေးများအမှု ၃ နှစ်ကျော်ကြာမှ စွဲချက်စတင်
DVB
·
August 9, 2018
ရန်ကုန်၊ မင်္ဂလာဒုံ စက်မှုဇုန်ဝင်းအတွင်း လွန်ခဲ့တဲ့သုံးနှစ်ကျော်က ပိုင်ရှင်မဲ့ ကွန်တိန်နာ ယာဉ်ပေါ်ကနေ ကျပ်ဘီလီယံ ၁၄၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ စံချိန်တင် ဖမ်းမိမှုနဲ့ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင်ရှင် မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို မြောက်ပိုင်းခရိုင် တရားရုံးက သြဂုတ် ၈ ရက်မှာ မူးယစ်ဥပဒေနဲ့ စွဲချက်တင် အမိန့်ချလိုက်ပါတယ်။
မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို မြောက်ပိုင်းခရိုင် တရားရုံးမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စတင်တရားစွဲဆို စစ်ဆေးခဲ့ပေမယ့် အမှုမှ တရားခံပြေးတွေကို စစ်ဆေးချိန်နဲ့ တရားစွဲဆိုခံရသူတွေဘက်က ရန်ကုန်တိုင်း တရားလွှတ်တော်ထံ ရုံးပြောင်းလျှောက်ထားမှု တို့ကြောင့် ၂ နှစ်ခွဲကျော်အကြာမှ အဲဒီအမှု စွဲချက်တင် စစ်ဆေးဖို့ အမိန့်ချမှတ်နိုင်ခဲ့တာပါ။
အဓိက တရားခံဟုဆိုသူ မင်းဦးခိုင်နဲ့ အမှုတွဲ မချိုချိုဝင်း(ခ)ရန်ယုံချင်းတို့မှာ အချုပ်သားအဖြစ် အမှုရင်ဆိုင်နေရပြီး ကျန်အမျိုးသား ခုနှစ်ဦးနဲ့ အမျိုးသမီးတဦးတို့မှာ အရှေ့ပိုင်းခရိုင်တရားရုံးမှာ မူးယစ်ဆေးဝါးဥပဒေတွေနဲ့ ထောင်ဒဏ် ၄၈ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ထားပြီးဖြစ်ပါတယ်။
စံချိန်တင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုနဲ့ လုံးဝ ပတ်သက်ဆက်နွှယ်နေမှု မရှိခဲ့ကြောင်းကို ပြစ်ဒဏ်ကျခံနေရသူတွေက သြဂုတ် ၈ ရက်နေ့ ရုံးချိန်းမှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ရက်က မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေ ကားလမ်းဘေး တနေရာမှာ ပီနံအိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ ငွေကျပ် ၁၄၀ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၂၈၂ သိန်းကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာပါ။
ဒီအမှုနဲ့ ဆက်စပ်ပြီး ရဲတပ်ဖွဲ့ အလိုရှိသူ ကုလားတန်မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးကုမ္ပဏီ ဒါရိုက်တာ မင်းဦးခိုင်ကို စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံနယ်စပ် မဲဆောက်ကနေတဆင့် မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။