တူရကီအစိုးရ ကိုယ်စားလှယ် လာရောက်မည့်သတင်း အတည်မပြုနိုင်ဟု အမေရိကန် ပြော

တူရကီက ဖမ်းဆီးထားတဲ့ အမေရိကန် သင်းအုပ်ဆရာကိစ္စ ဆွေးနွေးဖို့ တူရကီအစိုးရ ကိုယ်စားလှယ်တဦး အမေရိကန်လာရောက်မယ့် သတင်းကို အတည်ပြု ပြောကြားနိုင်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသွားပါတယ်။ အမေရိကန်နဲ့ တူရကီတို့ရဲ့ ဆက်ဆံရေးဟာ တူရကီအစိုးရက ဖမ်းဆီးထားတဲ့ အမေရိကန် သင်းအုပ်ဆရာ အန်ဒရူးဘရွန်ဆင် အရေးကိစ္စပေါ်မှာ မူတည်လာတာ တွေ့ရပါတယ်။ အန်ဒရူးဘရွန်ဆင်ကို မနှစ် ဇူလိုင်လက အကြမ်းဖက်မှုပြစ်ဒဏ်နဲ့ တူရကီအစိုးရက ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။ ဒီပြစ်မှုတွေဟာ “အခြေအမြစ်မရှိဘူး” လို့ အမေရိကန်အစိုးရက ပြောကြားထားပြီး အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့က သင်းအုပ်ဆရာ အပါအဝင် တူရကီမှာ အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးရေး ဖိအားပေးနေတာလည်း တွေ့ရပါတယ်။ သင်းအုပ်ဆရာ ဘရွန်ဆင် အရေးကိစ္စနဲ့ ပတ်သက်ပြီး တူရကီအစိုးရ ကိုယ်စားလှယ်တဦး အမေရိကန်ကို လာရောက်ဆွေးနွေးမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟယ်သာနောင်းဝပ်က “ကျမတို့ကြားမှာ သဘောတူညီချက်ရပြီ ဆိုရင်တော့ သင်းအုပ်ဆရာ အန်ဒရူးဘရွန်ဆင်နဲ့ တခြား အမေရိကန်နိုင်ငံသားတွေ ပြန်ရောက်လာတာကို တွေ့မြင်ရမှာပါ။ ဒီနေ့မှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ကြေညာချက် ထုတ်ပြန်နိုင်မှာ မဟုတ်ပါဘူး။ ကျမပြောနိုင်တာကတော့ ကျမတို့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတို့ မနေ့က စကားပြောဖြစ်ခဲ့တယ် ဆိုတာပါပဲ” လို့ ပြောပါတယ်။ တူရကီ ကိုယ်စားလှယ်တွေ အမေရိကန်လာရောက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “ကျမလည်း ဒီသတင်းကို တွေ့ပါတယ်။ ဒါပေမယ့် ကျမ ဒီသတင်းကို အတည်ပြု မပြောနိုင်ပါဘူး။ အခုချိန်ထိလည်း အဲဒီလို တွေ့ဆုံမှုမျိုး မရှိပါဘူး” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟယ်သာနောင်းဝပ်က ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up