ထွန်တုံးတိုက်ပွဲဝင် တောင်သူများ စစ်ဆေးခံနေရ
DVB
·
July 26, 2012

မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲက မြို့နယ် ၄ မြို့နယ်က ထွန်တုံးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တောင်သူတွေကို အာဏာပိုင်တွေက ခေါ်ယူမေးမြန်းနေသလို လယ်ယာမြေသိမ်းယူသူတွေကလည်း တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ မိတ္ထီလာမြို့ ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ပြောပါတယ်။
တွန်တုံးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တောင်သူ ၁၁ ဦးကို မိတ္ထီလာခရိုင်မြေစာရင်းရုံးက ဒီနေ့ ခေါ်ယူမေးမြန်းတာတွေ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် သာစည်နဲ့ မိတ္ထီလာ ကံကောင်းကျေးရွာက တောင်သူတွေကိုလည်း လယ်ယာမြေသိမ်းယူတဲ့သူတွေနဲ့ သစ်တောဦးစီးဌာနက တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်နေတာပါ။
မိတ္ထီလာမြို့နယ် ပြည်သူ့ အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ကိုသောင်းထိုက်က “မိထ္ထိလာမြို့နယ် ခရိုင်မြေစာရင်းရုံးမှာ လယ်သမား ၁၁ ယောက်ကို ခေါ်ယူပြီး မေးမြန်းနေပါတယ်။ ဖြေရှင်းပေးမယ်ဆိုတဲ့ သဘောမျိုးဆိုတာထက် တယောက်ချင်းကို အထက်စီးကနေ ခေါ်ယူမေးမြန်းနေတဲ့ ပုံစံမျိုးပါ။ စာရင်းအင်းတွေ သိအောင်ဆိုတဲ့ ပုံစံမျိုး သဘောဆောင်သလို၊ တဖက်က်လည်း ဖိအားပေးတယ်ဆိုတဲ့ အရိပ်အငွေ့တွေ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့မနက် ကျနော်တို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်က ၀င်ရောက်ပြောဆိုတဲ့အခါမှာ မင်းတို့နဲ့ မဆိုင်ဘူး၊ မင်းတို့အလုပ် မဟုတ်ဘူး၊ ငါတို့ကို အထက်က ညွှန်ကြားလို့ လုပ်တယ်ဆိုတဲ့ ပုံစံမျိုး သုံးနှုန်းတာတွေ ရှိလို့ပါ” လို့ ပြောပါတယ်။
အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် လယ်သမားတွေက တွန်တုံးတိုက်ပွဲကို ဇူလိုင် အစောပိုင်းက ဆင်နွှဲခဲ့ပေမယ့် အာဏာပိုင်တွေက ညှိနှိုင်းပေးမယ်လို့ ပြောဆိုတဲ့အတွက် လယ်သမားတွေက ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် လယ်ယာမြေတွေမှာ ကုမ္ပဏီတွေက ပြန်လည်ထွန်ရက်တာတွေ၊ စည်းရိုး ၀င်ခတ်တာတွေကြောင့် တောင်သူတွေက ထွန်စက်ရှေ့မှာ လှဲအိပ်ပြီး တွန်တုံးတိုက်ပွဲကို မနေ့က ပြန်လည်စတင်ခဲ့ပါတယ်။
မိတ္ထီလာ၊ မလိုင်၊ သာစည်နဲ့ ၀မ်းတွင်းမြို့တွေမှာ ဧက ၅၀၀ ကျော်လောက် အသိမ်းခံရပြီးနောက် တောင်သူတွေက ထွန်တုံးတိုက်ပွဲဆိုပြီး အသိမ်းခံရတဲ့ လယ်မြေတွေထဲ ၀င်ရောက် လယ်ထွန်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/mhl farmer/]