လယ်ပြန်လုပ်ခွင့်ရရေး လပွတ္တာလယ်သမား ၅၀၀ ခန့် ဆန္ဒဖော်ထုတ်
နော်နိုရင်း
·
July 26, 2012

ဧရာဝတီတိုင်း လပွတ္တာမြို့မှာ လယ်သိမ်းခံရတဲ့ လယ်သမား ၅၀၀ လောက်က လယ်ပြန်လုပ်ကိုင်ခွင့် ရရေးအတွက် မနေ့ မြို့တွင်းလှည့်လည် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
လပွတ္တာမြို့နယ်တွင်းက သဲဖြူကုန်း၊ ညောင်လိမ်၊ လပွတ္တာလုံးတောင်နဲ့ မြောက်ကျေးရွာတွေက ရွာသားတွေ စုပေါင်းပြီး လပွတ္တာမြို့ ၂ ရပ်ကွက်က ကမ်းနားလမ်းကိုပတ်ပြီး သာသနာ့ဗိမာန်ဆီ ကို ငြိမ်းချမ်းစွာ ချီတက် ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
လပွတ္တာမြို့ခံတဦးက “၂ ရပ်ကွက်ကထွက်ပြီးတော့ ကားလမ်းမဘက်က ပတ်ပြီးတော့ သြဘာလမ်း ကနေ သာသနာ့ဗိမာန်မှာ ရပ်သွားတယ်လေ။ တောင်းဆိုတာက သူတို့လုပ်ခွင့်ရှိတဲ့ လယ်တွေကို ပြန်တောင်းတယ်၊ သူများတွေ ၀င်လုပ်နေကြလို့၊ ဆရာစံ ဓာတ်ပုံချိတ်ပြီးတော့ လူပေါင်း ၅၀၀ လောက်ရှိတယ် လှည့်လည်ကြတယ်။ သူတို့တောင်းဆိုတာ မရဘူးဆိုရင် ၁ ရက်နေ့ ထပ်ထွက်မယ်ပြောတယ်။”
ဆန္ဒပြလယ်သမားတွေကို မြို့နယ်အာဏာပိုင်တွေက သူတို့ကို ၃ ရက် အချိန်ပေးဖို့နဲ့ ဒီကိစ္စပြေလည်အောင် ဖြေရှင်းပေးမယ်လို့ ပြောဆိုတဲ့အတွက် ဆန္ဒဖော်ထုတ်မှု ရပ်ဆိုင်းခဲ့ပါတယ်။
လယ်သမားအတွေအနေနဲ့ သူတို့ တောင်းဆိုချက်ကို မဖြေရှင်းဘူးဆိုရင် လာမယ့် သြဂုတ် ၁ ရက်နေ့မှာ ထပ်မံလှည့်လည် ဆန္ဒပြမယ်လို့ ပြောဆိုထားပါတယ်။
လပွတ္တာမြို့နယ်ထဲက သဲဖြူကုန်း၊ ညောင်လိမ်၊ လပွတ္တလုံးတောင်နဲ့ မြောက်ကျေးရွာတွေက လယ်မြေ ဧက ၇၀၀ ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာ့စိုက်ပျိုးရေးဘဏ်၊ ရဲတပ်ဖွဲ့၊ တရားသူကြီး၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ထောက်လှမ်းရေး စတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ဖို့ အကြောင်းပြပြီး ၁၉၉၃ ခုနှစ်အတွင်းက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
