A d v e r t i s e m e n t With Us

ပြိုင်ဆိုင်မှု စီးပွားရေး မလုပ်ချင်တဲ့ မြန်မာခရိုနီတွေ

အခုနောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ထွန်းစပြုလာပြီးနောက် အပြောများဆုံး ကိစ္စတခုကတော့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတော့မယ် ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီအတွက် သာမန်ပြည်သူတွေ နိုင်ငံ့အကျိုး မျှော်ကိုးတဲ့ နိုင်ငံရေးသမားတွေ၊ အမြော်အမြင်ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စိတ်လှုပ်ရှား မျှော်လင့်နေသလောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမှာ မလိုလားသူတွေလည်း ရှိနေပြန်ပါတယ်။ အခုနောက်ပိုင်း အဲဒီလူတွေထဲက စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ပြောင်ပြောင်တင်းတင်း ပွင့်ပွင့်လင်းလင်း ပြောလာကြပါပြီ။ သူတို့ ပြောနေကြတာကတော့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် သူတို့မှာ အရင်းနှီးကလည်းနည်း၊ နည်းပညာကလည်း မွဲတော့ မပြိုင်ဆိုင်နိုင်ဘူး။ ဒီအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ရေးဆွဲတဲ့အခါ သူတို့ကိုကာကွယ်ပါ၊ သူတို့ကို အခွင့်အရေးပိုပေးပါ စသဖြင့် တောင်းဆိုလာကြပါတယ်။ မြန်မာလုပ်ငန်းရှင်တွေ ဒီလို ဘာလို့ ဖြစ်ရသလဲ၊ ဒီအတွက် နိုင်ငံစီးပွားရေး ရှေ့အလားအလာ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမှာကို မကြိုဆိုနိုင်တဲ့သဘော ခုလို ပြောနေကြတာဟာ အရင် စစ်အစိုးရလက်ထက်တုန်းက အခွင့်ထူးရ ကြီးပွားချမ်းသာခဲ့ကြတဲ့ ခရိုနီတွေ၊ စစ်အာဏာရှင် မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ၊ သူတို့နဲ့ နီးစပ်သူတွေနဲ့ လက်ရှိ အစိုးရအဖွဲ့ထဲက ကိုယ်ကျိုးရှာသမားတွေပဲ ဖြစ်ကြပါတယ်။ ဒီလူတွေဟာ စစ်တပ်က အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလအတွင်း အခွင့်ထူးတွေရ ငွေကြေးအလွန်အမင်း ကြွယ်ဝချမ်းသာ လာကြတာ မှန်ပေမယ့် တကယ့်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်စရာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ စီးပွားရေး လုပ်ငန်းကြီးတွေရယ်လို့ မယ်မယ်ရရ မထူထောင်ခဲ့ကြပါဘူး။ ဒီနေရာမှာ စစ်အုပ်ချုပ်ရေးလက်အောက် ရောက်ခဲ့တာခြင်း အတူတူဖြစ်တဲ့ တောင်ကိုရီးယားက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နှိုင်းယှဉ်ရင် အဖြေကို သိနိုင်ပါတယ်။ အရင် စစ်အစိုးရလက်အောက်က တောင်ကိုရီးယား လုပ်ငန်းရှင်တွေဟာ ပြည်တွင်းမှာ နိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ အပြိုင်လုပ်သလို ပြည်ပကို ထွက်ပြီးလည်း ကြိုးစားပမ်းစား အလုပ်လုပ်ကြပါတယ်။ ဒီလိုနည်းနဲ့ ဟွန်ဒိုင်းလို၊ ဆမ်ဆောင်းလို၊ ဒေ၀ူးလို ကုမ္ပဏီကြီးတွေဟာ ကမ္ဘာ့အဆင့်မီ လုပ်ငန်းစု ကုမ္ပဏီကြီးတွေ ဖြစ်လာရုံမက တိုင်းပြည်ကိုလည်း ကမ္ဘာ့စီးပွားရေးမြင့်မားတဲ့ ဂျီ ၂၀ အုပ်စုထဲရောက်အောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။ တကယ်တော့ ကိုရီးယား စီးပွားရေးလုပ်ငန်းတွေဟာ ဒီအဆင့်တွေကို လွယ်လွယ်နဲ့ ရောက်လာတာတော့ မဟုတ်ပါဘူး။ တချို့ စစ်အာဏာရှင်တွေ အမျိုးမျိုး ဖိနှိပ်ကန့်သတ်တဲ့ကြားထဲက ဇွဲနဲ့မာန်နဲ့ ကြိုးစားရုန်းကန် ရယူတည်ဆောက်ခဲ့ကြတာမျိုး ဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက်က စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ဒီလို မလုပ်ပါဘူး။ တိုင်းပြည် စက်မှုထွန်းကားအောင် ပြည်တွင်းမှာ ကားထုတ်လုပ်ကြဆိုတဲ့အခါ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံး ပြည်ပက ကားတွေခိုးသွင်း၊ ပြည်တွင်းက စက်မှုဇုန်မှာ ဘော်ဒီတွေ ပြန်ထု၊ မြန်မာပြည် စက်မှုဇုန်ထုတ်ကားတွေဆိုပြီး ကမ္ဘာသိ လိမ်လည် စီးပွားရှာခဲ့ကြပါတယ်။ ရေနက်ကွင်းတွေ ဖော်ထုတ်မယ်၊ ထွက်လာတဲ့ ဆန်၊ စပါးတွေ နိုင်ငံခြား အကြီးအကျယ် ပို့မယ်ဆိုပြီး လယ်သမားတွေဆီက လယ်တွေသိမ်း၊ အစိုးရဆီက ချေးငွေတွေယူ၊ စပါးမစိုက်ဘဲ ငါးကန်တူးစားတဲ့ မသမာတဲ့ စီးပွားရေးမျိုးတွေသာ လုပ်ခဲ့ကြပါတယ်။ အခြားသော ဆူလွယ် နပ်လွယ် စီးပွားရေး လုပ်ငန်းတွေမှာတောင် ပြိုင်ဘက်ဆိုတာကို မထားခိုင်းဘဲ တဦးတည်း လုပ်ပိုင်ခွင့်ရအောင် တောင်းဆိုပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်ကြပါတယ်။ တိုင်းပြည်ထဲ ဒီဇယ်ဆီတင်သွင်းခွင့်၊ စားအုံးဆီ တင်သွင်းခွင့်၊ ဘီယာချက်လုပ်ခွင့်၊ ဘိလပ်မြေ စက်ရုံထောင်ခွင့်၊ ရွှေတူးခွင့်၊ ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့ခွင့်၊ အစိုးရတည်ဆောက်ရေး ကန်ထရိုက် စတာတွေကို ပြိုင်ဘက်မရှိရယူပြီး ကြီးပွားချမ်းသာအောင် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း စွမ်းဆောင်ရည်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ မတည်ထောင်နိုင်ခဲ့သလို လုပ်ငန်းတူခြင်း ပြိုင်ဆိုင် လုပ်ကိုင်တာမျိုးကိုလည်း မလုပ်တတ်ကြတော့ပါဘူး။ ဒါဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေမှာတင်မက အလတ်တန်းစား လုပ်ငန်း လုပ်ကိုင်သူတွေမှာပါ ဒီလို လုပ်နည်းလုပ်ဟန်တွေ အရိုးစွဲသွားစေခဲ့ပါတယ်။ နမူနာအားဖြင့် အစိုးရနဲ့ မပတ်သက်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ လုပ်ငန်းရှင်တွေတောင် ရုံတင်တဲ့အခါ အရင်ခေတ်တုန်းကလို ဇာတ်ကား ၂ ကား ၃ ကား အပြိုင် ရုံတင်ပြသတာမျိုး မလုပ်လိုကြတော့ပါဘူး။ လက်ရှိ ၁ ပတ် ၁ ကားနှုန်း ရုံတင်ပြသဖို့ ရက်ချိတ်ထားတဲ့ကားတွေ ၂၀၁၃ နှစ်လယ်ကျော်အထိ ရှိနေတာတောင် ဒီလို ပြိုင်ဘက်မရှိ ရုံတင်တာမျိုးကိုပဲ လိုချင်နေကြတာပါ။ ပြောချင်တာ အပြိုင်အဆိုင် ကြိုးစားရိုက်ကူးပြီး ပရိသတ် အဆုံးအဖြတ် ခံယူမယ် ဆိုတဲ့ စိတ်ထားမျိုး လုပ်ငန်းရှင်တွေဆီမှာ ပျောက်ကွယ်ခဲ့တာပါ။ ဒီအတွက်လည်း လက်ရှိ မြန်မာလုပ်ငန်းရှင်တွေ လိုချင်နေတာက လုပ်ပိုင်ခွင့် သူတို့ကိုပဲ ချပေးပါ။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူတွေကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် မပေးပါနဲ့။ သူတို့နဲ့ လာပေါင်းပါစေ ဆိုပြီး လုပ်ပိုင်ခွင့်ကို လက်ဝါးကြီး အုပ်ထားချင်တဲ့သဘော ပြောဆိုလာကြပါတယ်။ နမူနာအဖြစ် အခုလက်ရှိ လူပြောသူပြော များလာနေတဲ့ မိုဘိုင်းဖုန်း စီးပွားရေးမှာလည်း အဲဒီအတိုင်း တွေ့မြင်နိုင်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ခရိုနီ တစုဟာ မိုဘိုင်းဖုန်းတွေကို သူများနိုင်ငံနည်းတူ ဈေးပေါပေါနဲ့လည်း မရောင်းနိုင်၊ ၀န်ဆောင်မှုလည်း ကောင်းကောင်း မပေးနိုင်၊ စီမံကိန်း ပြည့်မီအောင်လည်း မဆောင်ရွက်နိုင်၊ ဒါကို ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နိုင်တဲ့ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကိုလည်း ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် မပေးချင် ဖြစ်နေတာ တွေ့ရပါတယ်။ ဒီအတွက် မြန်မာ့ဆက်သွယ်ရေးဟာ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို သူတို့နဲ့ လာပူးပေါင်းဖို့ဆိုပြီး ဖိတ်ခေါ်နေပါပြီ။ ဒီအတွက် မိုဘိုင်းဖုန်းလုပ်ငန်းမှာ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာပြီး နိုင်ငံတကာမှာလို အပြိုင်အဆိုင် လုပ်ကိုင်ကြရင်း ပြည်သူတွေ မိုဘိုင်းဖုန်းကို ၀န်ဆောင်မှုကောင်းကောင်း ဈေးပေါပေါ နဲ့ သုံးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပျက်ပြယ်ခဲ့ရပါပြီ။ အလားတူ ဘဏ်လုပ်ငန်း၊ မော်တော်ကား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ လောင်စာဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်း၊ ဖျော်ဖြေရေး၊ ကျန်းမာရေးနဲ့ ပညာရေး အပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အားလုံးလိုလိုလောက်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်မပြုဘဲ၊ ပြိုင်ဆိုင်မှု အားကောင်းတဲ့ စီးပွားရေး ၀န်းကျင်တခုကို မဖန်တီးပေးဘဲနဲ့ တိုင်းပြည်စီးပွားရေး တိုးတက်လာမှာ မဟုတ်သလို ပြည်သူတွေအတွက်လည်း အကျိုးများမှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် အရေအတွက် အနည်းငယ်ပဲ ရှိတဲ့ နှစ်ပေါင်း ၂၀ ကျော် တိုင်းပြည်စီးပွားရေး ဖျက်ဆီးရာမှာ အာဏာပိုင်တွေနဲ့ ကြံရာပါ ဖြစ်ခဲ့တဲ့ စီးပွားရေးသမားတချို့ရဲ့ မျက်နှာကိုမကြည့်ဘဲ သန်း ၆၀ သော မြန်မာပြည်သူတွေ မျက်နှာကိုသာ ကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up