ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား အလုံအလောက် ရရှိရေးအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုတို့ ဆွေးနွေးခဲ့ကြပါတယ်။
သြဂုတ် ၆ ရက် ဒီမနက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
“ဂျပန်နိုင်ငံ အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးကိစ္စ၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား အလုံအလောက် ရရှိရေးအတွက် ဆောင်ရွက်မယ့်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား ရရှိရေးတို့အတွက် ဂျပန်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ ဆောင်ရွက်နေတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်ကနေ တဖက်နိုင်ငံသို့ ထွက်ခွာသွားသူတွေကို ပြန်လည်လက်ခံရေးကိစ္စနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
တွေ့ဆုံမှုအပြီးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။