Home
ဆောင်းပါး
ခေါင်းဆောင်ကဏ္ဍမှာ အမျိုးသမီးဦးရေ နည်းနေတာ ဘာကြောင့်လဲ
DVB
·
August 5, 2018
မြန်မာနိုင်ငံမှာ တချိန်က အမျိုးသမီးတွေဟာ မှီခိုအနေနဲ့ အိမ်ထောင်ဦးစီး အမျိုးသားတွေရဲ့ အလုပ်လုပ်ကိုင်မှု နောက်မှာပဲ နေကြတာ များခဲ့ပါတယ်။ အိမ်ထောင် တာဝန်တွေနဲ့ပဲ လုံးပန်းနေပြီး အမျိုးသားတွေက အမြဲလိုလို ဦးဆောင်ကြရတာပါ။ အခုအချိန်မှာတော့ ခေတ်တွေ ပြောင်းလာတာနဲ့အတူ အမျိုးသမီးတွေ ရှေ့ထွက်လာကြတာကို တွေ့ရပါတယ်။   အုပ်ချုပ်ရေး အခန်းကဏ္ဍ၊ ဥပဒေပြုရေး အခန်းကဏ္ဍမျိုးတွေလို နေရာတွေမှာပါ ပါဝင်လာကြသလို စီးပွားရေးလုပ်ငန်းတွေမှာလည်း ထက်မြတ်တဲ့ အမျိုးသမီးတွေ ပေါ်ပေါက်လာကြပါတယ်။ ကျား၊ မ တန်းတူမျှရေး၊    အမျိုးသမီး အခွင့်အရေးတွေကို တွင်တွင်ပြောဆိုလာကြတဲ့ ဒီလိုအချိန်မှာ တကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးတွေ ခေါင်းဆောင်မှု အခန်းကဏ္ဍ ပါဝင်နိုင်မှုနှုန်းကတော့ နည်းနေပါသေးတယ်။ အုပ်ချုပ်မှုပိုင်းနဲ့ ဥပဒေပြုရေးမှာ အမျိုးသမီးတွေ ဘယ်လောက် ပါဝင်နေပြီလဲ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့က စစ်တမ်းတွေအရဆိုရင် တကမ္ဘာလုံးက ဝန်ကြီး အဆင့်အတန်း ရာထူးတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်နှုန်းက ၂ဝ၁၇ ခုနှစ်မှာ ၁၈.၃ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ လွှတ်တော်တွင်း အမတ်နေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်နှုန်းကတော့ ကမ္ဘာမှာ ၂ဝ၁၇ အထိ ၂၃ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ တဖြည်းဖြည်း မြင့်တက်လာတဲ့ ပမာဏလို့လည်း ပြောလို့ရပါတယ်။ ၁၉၉၇ ခုနှစ်က ကိန်းဂဏန်းအရ ဆိုရင် အမျိုးသမီးတွေ လွှတ်တော်တွင်း ပါဝင်မှုနှုန်းဟာ ၁၁ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။ ကမ္ဘာ့ဘဏ်နဲ့ IPO တို့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဒေသတွင်း အာဆီယံနိုင်ငံတွေထဲက အမျိုးသမီးတွေ လွှတ်တော်မှာ နေရာရတဲ့ ရာခိုင်နှုန်းက ထိုင်းနဲ့ မလေးရှားက မြန်မာထက်နည်းပြီး အခြား အာဆီယံနိုင်ငံတွေက မြန်မာက များတာကို တွေ့ရပါတယ်။   မြန်မာနိုင်ငံက လွှတ်တော်မှာ အမျိုးသမီးတွေ ပါဝင်မှု ၁၂ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ မြန်မာအမျိုးသမီးတွေနဲ့ စီးပွားရေးဦးဆောင်မှု နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က သုသေသနပြုခဲ့တဲ့ စာတမ်းအရ ဆိုရင် တကမ္ဘာလုံး အတိုင်းအတာမှာ အုပ်ချုပ် စီမံခန့်ခွဲမှုနေရာကနေ ဦးဆောင် လုပ်ကိုင်နေတဲ့ အမျိုးသမီး ရာခိုင်နှုန်းဟာ ၁၈ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။    ဒါဟာ တကမ္ဘာလုံးမှာရှိတဲ့ ခိုင်မာတဲ့ လုပ်ငန်း ၅ ခုမှာ အမျိုးသမီး CEO တယောက်လောက် ပါဝင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အောက်ကဇယားမှာ အမျိုးသမီးတွေ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်နှုန်းနဲ့ ပတ်သက်ပြီး ဖော်ပြထားပါတယ်။ တကမ္ဘာလုံးနဲ့ အချိုးချမယ်ဆိုရင် စီးပွားရေးကဏ္ဍ အမျိုးသမီးဦးဆောင်မှုမှာ ၁၈ ဒသမ ၆ ရာခိုင်နှုန်း ဆိုပေမယ့် အရှေ့အာရှနဲ့ ပစိဖိတ်နိုင်ငံတွေပဲ ပျမ်းမျှအချိုးကြည့်မယ်ဆိုရင် ၃၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ တောင်အာဖရိက နိုင်ငံတွေကတော့ ၅ ရာခိုင်နှုန်းနဲ့ အနည်းဆုံး ဖြစ်နေတာပါ။ နိုင်ငံအလိုက် အမျိုးသမီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်နိုင်မှု အချိုးကို ကြည့်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံတည်းသာ အမျိုးသမီး ပါဝင်နှုန်း မြင့်မားတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံဟာ ၆၅ ရာခိုင်နှုန်းအထိ ရှိပြီး ကမ္ဘောဒီးယားနိုင်ငံကတော့ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ်နိုင်ငံဟာ အမျိုးသားတွေထက် အမျိုးသမီးတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်မှုများတာကို တွေ့ရပါတယ်။ အီးယူနိုင်ငံတွေ အားလုံးကိုတွက်တဲ့ စီးပွားရေးဦးဆောင်မှု နေရာက အမျိုးသမီးပါဝင်မှု ပျမ်းမျှ အချိုးတောင်မှ ၂ဝ ရာခိုင်နှုန်းပဲ ရှိပါတယ်။   မြန်မာနိုင်ငံဟာလည်း စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီး ဦးဆောင်တဲ့ ပါဝင်မှုနှုန်း မြင့်တဲ့အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ငန်းတွေမှာ အမျိုးသမီး ဦးဆောင်နေရာနဲ့ ပါဝင်တဲ့ အချိုးက ၄၁ ရာခိုင်နှုန်းအထိ ရှိနေတာမို့ပါ။ မြန်မာနိုင်ငံရဲ့ လူဦးရေစုစုပေါင်းမှာ အမျိုးသမီးဦးရေက အမျိုးသား ဦးရေထက် များပါတယ်။    ၂ဝ၁၄ ခုနှစ်က ကောက်ခံခဲ့တဲ့ သန်ခေါင်စာရင်းအရဆိုရင် အမျိုးသမီး ဦးရေဟာ အမျိုးသားတွေထက် ၂ သန်းနီးပါးလောက် ပိုများနေခဲ့တာပါ။ အရွယ်ရောက် အမျိုးသမီး အလုပ်လုပ်နိုင်မှုအား များတဲ့ နိုင်ငံထဲမှာ ပါတယ်လို့လည်း ပြောလို့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024