ရခိုင်တောင်သူများအတွက် စိုက်စရိတ်ချေးငွေကာလ ၁ လ ထပ်မံတိုးမြှင့်
DVB
·
August 5, 2018

ရခိုင်ပြည်နယ်က လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို သတ်မှတ်ကာလထက် ၁ လအချိန် တိုးမြှင့်ထုတ်ချေးဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ညွှန်ကြားထားပါတယ်။
ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ရခိုင်ပြည်နယ်က လယ်သမားတွေအတွက် ချေးငွေတွေကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က သြဂုတ် ၃၁ ရက်နေ့အထိ အချိန်တိုးမြှင့်ထုတ်ချေးဖို့ ညွန်ကြားထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာဦးအေးသိန်းက ပြောပါတယ်။
မိုးကြီးရေလျှံတာတွေဖြစ်လို့ သွားရေးလာရေးခက်ခဲတာ၊ ပြီးခဲ့တဲ့နှစ်မိုးရာသီက ချေးငွေတွေအတွက် အချိန်နဲ့ တပြေးညီ မဆပ်နိုင်တာတွေကြောင့်အခုလိုစောင့်ဆိုင်းတာပါ။
အခုလိုအချိန်ကာလတိုးမြှင့်ပြီး ထပ်မံငွေချေးပေးမယ့် အစီအစဉ်ကို လယ်သမားတွေက ကြိုဆိုပေမယ့် တဖက်မှာလည်း ဘဏ်ချေးငွေ မရတာတွေ ရှိတာကြောင့် အခက်အခဲတွေ ဖြစ်နေကြရတယ်လို့ တောင်သူတွေကဆိုပါတယ်။
အခုအချိန်အထိတော့ ရခိုင်ပြည်နယ်အတွင်းက လယ်သမားတွေကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၆၉ ဒသမ ၂၉ ဘီလျံ ထုတ်ချေးထားပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဘဏ်ချေးငွေမရရှိဘဲ ကျန်ရှိနေတဲ့ တောင်သူဦးရေက ၆ သောင်း နီးပါး ရှိနေပါတယ်။ တောင်သူဦးရေ အများအပြားရှိတဲ့ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့တွေမှာ လယ်သမားတွေကို ချေးငွေထုတ်ပေးဖို့ ကျန်ရှိနေတာပါ။
ရခိုင်က တောင်သူတွေအတွက်တော့ ဒီနှစ်မိုးစပါးစိုက်ပျိုးရာသီအတွက် ဘဏ်ချေးငွေတွေကို မေလက ဇွန်လအထိ ထုတ်ချေးဖို့ သတ်မှတ်ထားခဲ့ပေမယ့် ဇူလိုင်နဲ့ သြဂုတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။
သတင်း-ဝဏ္ဏခွာညို