မန်ချက်စတာ ယူနိုက်တက် ခြေစမ်းပွဲကစားရန် တရုတ်နိုင်ငံ ရောက်ရှိ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီအကြို ခြေစမ်းပွဲစဉ်တွေကို ကစားဖို့အတွက် တရုတ်နိုင်ငံ ရှန်ဟိုင်းလေဆိပ်ကို ဇူလိုင် ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ လေဆိပ်မှာ မန်ယူအသင်းကို အားပေးတဲ့ တရုတ်ဘောလုံး ပရိသတ် ၁၀၀ ၀န်းကျင်လောက် စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။ အခု ခြေစမ်းပွဲဟာ မန်ယူအသင်းအတွက် အာဖရိက ခြေစမ်းပွဲတွေပြီးရင် တတိယမြောက် ခြေစမ်းပွဲလည်း ဖြစ်ပါတယ်။ မန်ယူအသင်းမှာ တိုက်စစ်မှူး ရွန်နီနဲ့ ၀ါရင့်ကွင်းလယ်သမား ရိုင်ယန်ဂစ်က လွဲရင် အခု ခရီးစဉ် အတွင်းမှာ အဓိက ကစားသမား တော်တော်များများ လိုက်ပါလာ ကြပါတယ်။ မန်ယူဟာ လာမယ့် ၂၅ ရက်မှာ ချဲလ်ဆီး တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ဒရော့ဘာနဲ့ အနယ်ကာ ကို ခေါ်ယူထားတဲ့ ရှန်ဟိုင်း အခြေစိုက် ရှန်ဟိုင်း ရှင်ဟွာကလပ် နဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။ အဲဒီ ခြေစမ်းပွဲစဉ်ဟာ တရုတ်ရောက် တိုက်စစ်မှူး ဒရော့ဘာအတွက်တော့ ရှန်ဟိုင်း ရှင်ဟွာအသင်းနဲ့  ပွဲဦးထွက် ကစားရပေးမှာပါ။ မန်ယူအသင်းနဲ့ ရှန်ဟိုင်းရှင်ဟွာကလပ် ခြေစမ်းပွဲ ကစားမယ့်အပေါ် တရုတ်လူငယ်တဦးက “တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်က ရှန်ဟိုင်း ပရိသတ်ပါ။ ကျနော် အကြိုက်ဆုံး နှစ်သင်း ကန်တဲ့ပွဲကို ကြည့်ရမှာဆိုတော့ တော်တော်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ပရိသတ်အကြိုက် ပွဲတပွဲဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ ရှန်ဟိုင်းအသင်းမှာ ဒရော့ဘာနဲ့ အနယ်ကာတို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ကျနော့်အကြိုက် မန်ယူနဲ့ ရှန်ဟိုင်း ကစားမယ့်ပွဲက ပွဲကြီးတပွဲ ဖြစ်လာမှာပါ” လို့ ပြောပါတယ်။ မန်ယူ ပရိသတ် တရုတ်လူငယ်တဦးကလည်း “ကျနော် မန်ယူကို အားပေးလာတာ ၁၀ နှစ် ကျော်ပါပြီ။ အခုလို မြင်တွေ့ရတဲ့ အခွင့်အရေးက ကျနော့်ဘ၀ တခုလုံးအတွက် အရမ်းရှားပါတယ်။ အခုတော့ သူတို့ကို မြင်တွေ့ခွင့် ရပါပြီ။ ဒါက တကယ့် ရွှေအခွင့်အရေးပါပဲ။ ဒါကြောင့် ဒီကို လာတာပါ” လို့ ပြောပါတယ်။ အာဂျင်တီးနား နည်းပြ ဆာဂျီယို ဘာတစ်စ်တာ ကိုင်တွယ်နေတဲ့ ရှန်ဟိုင်း ရှင်ဟွာ အသင်းဟာ ရလဒ်တွေ မကောင်းလို့ ၁၆ သင်းရှိတဲ့ တရုတ် စူပါလိဂ်ရဲ့ အမှတ်ဇယားရဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့အပတ်က တောင်အာဖရိက ခြေစမ်းပွဲ ခရီးစဉ်အတွင်းမှာ အာမာဇူးလူး အသင်းကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ပြီး အေဂျက် ကိတ်တောင်းအသင်းကို နောက်ကနေ လိုက်ကစားပြီးမှ ၁ ဂိုးစီ သရေ ကျထားပါတယ်။ မန်ယူဟာ အခုခြေစမ်းပွဲပြီးရင် သြဂုတ် ၅ ရက်နေ့မှာ နော်ဝေးက ကလပ်တခုနဲ့ ခြေစမ်းမှာ ဖြစ်ပြီး ၈ ရက်နေ့မှာ ဘာစီလိုနာနဲ့ ဆွီဒင်မှာ ခြေစမ်းဖို့ စီစဉ်ထားတာပါ။ နောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် သြဂုတ် ၁၁ ရက်နေ့မှာ ဂျာမန်ကလပ် ဟန်နိုဗာနဲ့ ကစားမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ်တွေကို သြဂုတ် ၁၈ ရက်နေ့ စတင်မှာဖြစ်ပြီး မန်ယူအသင်းက ၂၀ ရက်နေ့မှာ ပွဲဦးထွက်အဖြစ် အဲဗာတန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up