ဂန့်ဂေါတွင် လူအင်အား ၁ဝဝဝ ကျော် မြို့နယ်စည်ပင်အား ဆန္ဒပြ
DVB
·
August 3, 2018
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့မှာ စည်ပင်သာယာရေးကော်မတီအဖွဲ့ကို ဂန့်ဂေါမြို့နယ် ကန်ရွာမြောက်ပိုင်းက ဒေသခံ ၁၂ဝဝ လောက်က ဒီကနေ့ မနက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ကန်ရွာမြောက်ပိုင်းမှ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ ပါဝင်ခဲ့ကြပါတယ်။
ဦးဆောင်သူ မြောက်ခင်ရန်းရွာမှ ကိုရှိုင်းထက်စိုးက “ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေး ကော်မတီက တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဘဏ္ဍာငွေရှာပေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပြည်သူတွေဆီမှာ ဥပဒေအကူအညီနဲ့ ဖိနှိပ်နေတယ်။ ဒါကြောင့် စည်ပင်ကော်မတီရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေက အစိုးရအပေါ်အထင်လွဲမှုတွေဖြစ်ပေါ်နေတာကြောင့် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုရပါတယ်”လို့ ပြောပါတယ်။
စီတန်းလှည့်လည် ဆန္ဒပြပွဲကို ဂန့်ဂေါမြို့ပေါ် ခရေပင်လမ်းဆုံမှ ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့ဆေးရုံ ရှေ့လမ်းဒေါင့်ကနေ လေယာဉ်ကွင်းနေရာမှာ အဆုံးသတ်ပြီး ၁ဝ ရက်တိုင်တိုင် ဆက်လက်စုပေါင်း ဆန္ဒဖော်ထုတ်ကြမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
ဆန္ဒဖော်ထုတ်ရာမှာ စည်ပင်အခွန်လျှော့ချပေးရေး၊ စည်ပင်လုပ်ဆောင်ချက်များကို ပွင့်လင်းမြင်သာရေး၊ အဂတိလိုက်စားနေတဲ့ စည်ပင်ဝန်ထမ်းများကို အရေးယူပေးရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဒေသခံတွေက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ် ။
သတင်း၊ဓာတ်ပုံ - ယောသားလေး