Home
မြန်မာသတင်း
ကရင်အာဇာနည်နေ့တွင် စစ်ရေးပြမည့်ကိစ္စ အပြန်အလှန်ကန့်ကွက်
နော်နိုရင်း
·
August 1, 2018
သြဂုတ် ၁၂ ရက်မှာ ကျရောက်မယ့် ကရင်အာဇာနည်နေ့မှာ ယူနီဖောင်းဝတ် စစ်ရေးပြအခမ်းအနားတွေကို သက်ဆိုင်ရာအဖွဲ့အစည်း ဌာနချုပ်မှအပ တခြားနေရာတွေမှာ မကျင်းပဖို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်လိုက်ပါတယ်။ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မီတီ(JMC-s)ရုံးကို ဇူလိုင် ၂၃ ရက် နေ့စွဲနဲ့ အကြောင်းကြားစာပေးပို့ ကန့်ကွက်တာ ဖြစ်ပါတယ်။ ဇူလိုင် ၂၁ ရက်က ကေအန်ယူ တပ်မဟာ (၅) တပ်ရင်းမှူးအဆင့်ရှိ ဒေ့လွှဲဦးစီးတဲ့ အင်အား ၈၀ ဟာ လက်နက်ငယ်ကိုယ်စီနဲ့ ထိလာသေထမှတဆင့် ဖာလုံကြီး ကျေးရွာကို ရောက်ရှိနေထိုင်နေကြောင်းနဲ့ လာမယ့် သြဂုတ် ၁၂ ရက်မှာ ဖာလုံကြီးကျေးရွာမှာကျင်းပမယ့် ကရင်အာဇာနည်နေ့ အခမ်းအနားအတွက် စစ်ရေးပြလေ့ကျင့်ဖို့  ရောက်ရှိကြောင်း ကန့်ကွက်စာမှာ ဖော်ပြပါတယ်။ ဒါကြောင့် ကေအန်ယူ အနေနဲ့ အန်စီအေစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းဌာနချုပ်မှအပ တခြားနေရာတွေမှာ လုပ်ဆောင်ခြင်းမပြုဖို့ တားမြစ် ပိတ်ပင်ထားပါတယ်။ ကရင်အာဇာနည်နေ့ကို မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိ ကျေးရွာအုပ်စု ဖာလုံကြီးရွာမှာ ကျင်းပဖို့ သက်ဆိုင်ရာ မြန်မာတပ်မတော် လက်အောက်ခံ ကမမောင်းဗျူဟာက တဆင့် ရတခတိုင်းမှူးနဲ့ တပ်မ ၄၄ တပ်ရင်းမှူးတို့ကို အကြောင်းကြားထားတယ်လို့လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ ကလည်း ဇူလိုင် ၃၀ရက်က ထုတ်ပြန်ထားပါတယ်။ ဒီလိုအကြောင်းထားပြီးဖြစ်ပေမယ့် မြန်မာတပ်မတော်က အလေးမထားဘဲ ကရင် အာဇာနည်နေ့ အခမ်းအနားကျင်းပမယ့်နေရာမှာ လက်နက်ကြီး လက်နက်ငယ်အပြည့်အစုံနဲ့ အင်အားဖြည့်ဝင်ရောက် ထပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။ အခုလို လုပ်ဆောင်တာဟာ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နှစ်ဖက်တပ်တွေအကြား နားလည်မှုလွဲ ပဋိပက္ခဖြစ်နိုင်ကြောင်းနဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို ခြိမ်းခြောက်တာ၊ စစ်ကြောင်းကြီးငယ်အသွင်လှုပ်ရှားပြီး နယ်မြေစိုးမိုးမှုတွေ လုပ်လာမှာကို ကန့်ကွက်ကြောင်း လည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆီ လိပ်မူပြီး ကေအန်အယ်လ်အေက ကန့်ကွက်ထားပါတယ်။ ခုလို နှစ်ဖက်အပြန်အလှန်ကန့်ကွက်မှုနဲ့ပတ်သက်ပြီး JMC ဦးဆောင်ကော်မတီတွေက ခေါ်ယူဆွေးနွေးဖို့ရှိပြီး ဘယ်ချိန်ဆွေးနွေးမလဲဆိုတာတော့ မသိရသေးဘူးလို့ ကေအန်ယူ တွဲဖက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024