Home
မြန်မာသတင်း
ပါတီလူမျိုးစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်နာယကသစ် တိုက်တွန်း
နေဖြိုးဝင်း
·
August 1, 2018
38130819_2199696636712010_9012006164958806016_o
38160634_2199696513378689_8093505744894164992_o
လွှတ်တော်ရဲ့ ကျန်သက်တမ်းတ၀က်ကာလအတွင်းမှာ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ မထားဘဲ ပူးပေါင်း ကူညီဆောင်ရွက်ပေးဖို့  ပြည်ထောင်စုလွှတ်တော် နာယကအသစ် ဦးတီခွန်မြတ်က မေတ္တာရပ်ခံလိုက်ပါတယ်။ ဒီကနေ့ သြဂုတ် ၁ ရက်နေ့က  ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်လွှဲပြောင်း လက်ခံရယူပြီး နှုတ်ခွန်းဆက် စကားပြောတာမှာ အခုလို ပြောတာပါ။ "ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ ကျန်ရှိတဲ့ သက်တမ်းတ၀က်ကာလ အတွင်းမှာ ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို့ကို ရည်ရွယ်ပြီး ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာ အယူဝါဒစွဲတွေ မထားကြဘဲ နိုင်ငံနဲ့ ပြည်သူ အကျိုးစီးပွားအတွက် ကျနော်နဲ့ ပူးပေါင်းကူညီ ဆောင်ရွက်ပေး ကြဖို့ မေတ္တာရပ်ခံလိုပါတယ်" ဦးတီခွန်မြတ်က ပြောပါတယ်။ ဖွဲ့စည်းပုံအရ အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာကို အတတ်နိုင်ဆုံး ပိုင်းခြားသုံးစွဲတာနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းတာကို မှန်ကန်အောင် ဆောင်ရွက်သွားရမှာဖြစ်သလို နိုင်ငံဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းအဖြေရှာပြီး မဖြစ်မနေ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ပြောပါ တယ်။ "ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ပြည်သူလူထုက ချက်ချင်းအကောင်အထည်ပေါ် လာတာကို မြင်တွေ့လိုကြပေမယ့် ဒီမိုကရေစီရဲ့ ပင်ကိုယ်အခြေခံသဘောတရားအရ တခါတရံမှာ လက်ငင်းအဖြေထွက်ဖို့ထက် အချိန်ကာလတခုယူဖို့ လိုအပ်တာကိုလည်း သတိပြုကြရမှာဖြစ်ပါတယ် " လို့လည်း လွှတ်တော် နာယကသစ်က ဆိုပါတယ်။ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို စိတ်ကောင်းစေတနာ မှန်နဲ့ ကျေပွန်အောင်ဆောင်ရွက်ရင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတရပ် ပေါ်ထွန်းလာရေး လုပ်ငန်းစဉ်တွေ ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်မျှော်လင့်တယ်လို့ ပြောပါတယ်။ ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ သက်တမ်းတဝက်ပြည့်တဲ့ ဒီနေ့မှာ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  မန်းဝင်းခိုင်သန်းထံကနေ လွှဲပြောင်းရယူ လိုက်တာပါ။ ဒီမနက် ကျင်းပတဲ့ ပြည်​​ထောင်​စုလွှတ်​​တော်​ နာယက လွှဲ​ပြောင်းတဲ့အခမ်းအနားကို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်​​ထောင်​စုဝန်​ကြီး​တွေ အပါအ၀င် တခြား ဖိတ်ကြားထားသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024