မကွေးတိုင်းတွင် e-Government ဗဟိုထိန်းချုပ်ရုံးခန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြည်သူဗဟိုပြုလုပ်ငန်းတွေကို လက်တွေ့ အကောင်ထည်ဖော်ဆောင်ရွက်မယ့် e-Government Central Control Room(CCR)ကို ဇူလိုင် ၃၁ ရက် မနက် ၈ နာရီက စတင်ဖွင့်လှစ်ပါတယ်။ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက "ပြည်သူဗဟိုပြု ဝန်ဆောင်မှု လုပ်ငန်းတွေကို လျင်မြန်စွာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့  e-Government စနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါပြီ ဖြစ်ပါတယ်။ ဒီစနစ်သာရှိမယ်ဆိုရင် ဒေသရဲ့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ လုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူ့ဗဟိုပြု ဝန်ဆောင်မှုကိစ္စ အဝဝတို့မှာ တိုးတက်၊ မြန်ဆန်မှန်ကန်မှု ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးကို ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေမယ့် အတွေ့အကြုံ အလေ့ကျင့်ကောင်းများကိုလည်း ပြုစုပျိုးထောင်ပေး သွားမှာဖြစ်တယ်။ လတ်တလောအသုံးနည်းသေးပေမယ့်လို့ အကျိုးများမှာဖြစ်တဲ့ အတွက် ကြောင့် ယုံကြည်စိတ်ချရတဲ့ ပညာရှင်အဖွဲ့ကို အကူညီတောင်းပြီးစတင်ခဲ့တာဖြစ်ပါတယ်။ ခုဆိုရင် အဆင့်မှီ သင်တန်းကျောင်းတစ်ခုနဲ့ e-Government ရုံးခန်းတစ်ခုလည်းပေါ်ပေါက် လာခဲ့ပြီ ဖြစ်ပါတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ မကွေးတိုင်း အစိုးရအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဦးစိုးကျော်ထွန်းက "လောလောဆယ် Facebookတို့ ဂျာနယ်တို့ကနေ ပြည်သူတွေကို ဗဟုသုတပေးမယ်။ စမ်းသပ်ဆဲကာလ တလ၊ နှစ်လအတွင်း Webside လွှင့်တော့မယ်၊ လုပ်ငန်းစဉ်တွေကို ထပ်မံဖြည့်စွက် ဆောင်ရွက်ပြီးနောက် Mobile Phone Application သို့မဟုတ် website ကတဆင့် ဝန်ဆောင်မှုများကို Online ပေါ်မှာ တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လူမှုကွန်ရက် Facebook Page တရားဝင်စာမျက်နှာလိပ်စာမှာ https://www.facebook.com/magwaygov ဖြစ်ပါတယ်"လို့ဆိုပါတယ်။ Websiteကို http://magwaygov.org လိပ်စာနဲ့ စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး မကြာမီ ပိုမိုပြည့်စုံတဲ့ website ကို တရားဝင်ထုတ်လွှင့်သွားမယ်လို့လည်း သိရပါတယ်။ စမ်းသပ်ဆဲကာလမှာ နောက်ဆုံးရ သတင်းများ၊ သတင်းထုတ်ပြန်ချက်တွေနဲ့ ဝန်ဆောင်မှု ၁၇ မျိုး ကို ကြည့်ရှုရယူနိုင်မှာဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်း ၁၇ မျိုးအတွက် Application Form များကို ရယူနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးထားပြီး သက်ဆိုင်ရာသို့ ပြည်သူတွေက တိုက်ရိုက်လျှောက်ထားဆောင်ရွက်ရမယ်လို့ သိရပါတယ်။ သတင်း-မင်းထီး

More News
Up