လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ၍ ကြအိုကျေးရွာ ဝါးထရံရက်လုပ်ငန်း တွင်ကျယ်လာ
DVB
·
July 30, 2018

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ကြအိုကျေးရွာမှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာတာကြောင့် ဒေသခံတွေရဲ့ ဝါးထရံလုပ်ငန်း တွင်ကျယ်လာပြီး အဆင်ပြေနေကြတယ်လို့ ဒေသခံ ဝါးလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်စိုးက ပြောပါတယ်။
“အရင်ကတည်းက လုပ်ခဲ့တာ ဘိုးစဉ်ဘောင်ဆက်လို့ ပြောလို့ရပေမယ့် အခုအချိန်မှာ လမ်းပန်းဆက်သွယ်ရေးတွေလည်း ကောင်းလာပြီး ဝါးဆိုရင်လည်း ဝါးကုန်သည်တွေက နေပြည်တော်ဘက်ကနေ ရွာအထိ အရောက်ပို့တယ်။ ငွေကိုလည်း ကားတစီးလာရင် ဘယ်သူ ဘယ်နှလုံးဆို ခွဲယူထားပြီး နောက်အခေါက်မှ ငွေရှင်းရတာ။ ကုန်ချော ထရံလိပ်တွေ ဆိုရင်လည်း အရင်ကထက် အခုဆိုရင် ချောက်၊ မကွေး၊ ပခုက္ကူ၊ ကံမ၊ ဆိပ်ဖြူ၊ မင်းဘူးအထိ တင်ပို့နေရတော့ အခုဆိုရင် ဒီဝါးလုပ်ငန်း တရွာလုံး ၉၀ ရာခိုင်နှုန်းလောက် လုပ်ကိုင်နေကြတာပေါ့။”
ကြအိုကျေးရွာမှာ အိမ်ခြေ ၂၉၅ အိမ်ရှိပြီး ဝါးထရံ ယက်လုပ်ငန်း လုပ်ကိုင်သူမှာ ၂၈၀ လောက်ရှိပါတယ်။ လူတဦးကို တရက် ပျမ်းမျှ ဝင်ငွေ ၃ ထောင်ကနေ ၅ ထောင် ဝင်ငွေရရှိ နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာနေ ဦးစိုးလွင်က “တောင်သူလုပ်ငန်းက မိုးကိုမျှော်ရတယ်။ လူဦးရေနဲ့ မြေနေရာက ဒီဘက်မှာ မမျှတော့ဘူးလေ။ အခုက အရိပ်ထဲမှာပဲ အေးအေးဆေးဆေး လုပ်နေကြရတော့ စိုက်ပျိုးရေးထက် ဒီလုပ်ငန်းကိုပဲ ပိုလုပ်ဖြစ်တာပေါ့၊ အခု ရွာမှာ လုပ်နေတယ် ဆိုတာကလည်း ဒါဝါတွင်းဖြစ်နေလို့ ဒီရွာက ဝါးထရံရက်တဲ့ လူတော်တော်များများကလည်း သီတင်းကျွတ်ရင် အောက်ပိုင်းတွေ ဆင်းပြီး ထရံရက်လုပ်ငန်း သွားရောက်လုပ်ကိုင်ကြတယ်” လို့ ပြောပါတယ်။
ဝါးအမျိုးစား အနေနဲ့ တင်းဝါးကို အဓိကထား အသုံးပြုကြပြီး တလုံးကို ၅၀၀ မှ ၅၅၀ ဝယ်ယူကြရကြောင်းနဲ့ အရှည် ၁၅ ပေ၊ အနံ ၅ ပေ မှ ၈ ပေအထိကို ၄၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ တင်ပို့ရောင်းရတယ်လို့ ဆိုပါတယ်။
“အခုချိန်ကတော့ ကိုယ့်အိမ် ကိုယ့်ရွာမှာ လုပ်ရတာ သိပ်ပြီးတော့ အပိုအလျှံ မဖြစ်ဘူး။ အောက်ပိုင်းထွက်ပြီဆိုရင်တော့ ပိုလာကြတာပေါ့။ အောက်ပိုင်း ဆိုတာကလည်း သီတင်းကျွတ်က သွားပြီး သင်္ကြန်ပြီး ၅ လပိုင်းထဲ ၆ လလောက်ထွက်လိုက်ပြီး ပြန်လာရင် တဦးကို ၁၀ သိန်းလောက်တော့ စုမိကြတယ်” လို့ ဦးစိုးလွင်က ပြောပါတယ်။
ကျေးရွာနေ ဝါးထရံရက်လုပ်တဲ့လူတွေက ဒိုက်ဦး၊ ဘုရားကြီး၊ ရန်ကုန်၊ပြည်၊ ပေါင်းတည်၊ ပြည်နဲ့ အုတ်တင်တို့ကို သွားလုပ်ကြပြီး ဝါးဒိုင်ပိုကြီးပြီး လုပ်ငန်းပိုများတဲ့ ဖောင်ကြီးဘက်ကို အများဆုံး သွားကြတယ်လို့ ဆိုပါတယ်။
ကိုလင်း(ချောက်)