ဘားအံ စက်လှေနစ်မြုပ်မှုမှ ပျောက်ဆုံးသူ ၃ ဦးအလောင်း ပြန်တွေ့

ဘားအံမြို့နယ် သာယာကုန်းကျေးရွာ အရှေ့ကုန်း (နောင်ရွှေကွင်း) အနီး ခရီးသည် ၅ ဦး စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တင် စက်လှေတိမ်းမှောက်ခဲ့ရာမှာ ရေနစ်ပျောက်ဆုံးနေသူ ၃ ဦးရဲ့ အလောင်းကို ဇူလိုင် ၂၉ ရက် နေ့လယ်မှာ ပြန်တွေ့ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့မှ ဦးကျော်သူအောင်က “စက်လှေသွား လမ်းဟောင်းနားမှာဖြစ်တာ။ စက်လှေကတော့ တလမ်းလုံး မောင်းလာတာ အကောင်းပဲ။ အနားရောက်ကာမှ မိုးသက်လေပြင်းကြောင့် စက်လှေက ရေဝင်ပြီး နစ်သွားတာလို့တော့ ပြောတယ်။ စက်လှေတိမ်းမှောက်တဲ့ ကိုက် ၁၀၀ လောက်အကွာမှာ ပျောက်ဆုံးနေတဲ့အလောင်း ၃ လောင်းလုံး ပြန်တွေ့ခဲ့တယ်” လို့ ပြောပါတယ်။ ဇူလိုင် ၂၈ ရက်က  ဒေါ်လန်းကျေးရွာနဲ့ သာယာကုန်းကျေးရွာကို ဦးကောက်ရ (ခ) ကျော်နိုင် မောင်းနှင်ပြီး ခရီးသည် ၅ ဦးကို တင်ဆောင်​လာခဲ့တာပါ။ စက်လှေတိမ်းမှောက်နစ်မြုပ်မှုကို အနီးဝန်းကျင်ကျေးရွာက ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရာမှာ ဦးကောက်ရ (ခ) ကျော်နိုင်၊ ဦးသိန်းဌေး၊ မအေးအေးသင်းတို့ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဦးစိုးဌေး၊ မမေမြတ်စိုး၊ မနဒီဦးတို့ ၃ ဦးမှာ ရေစီးနဲ့အတူ မျောပါ နစ်မြုပ်ပြီး ပျောက်ဆုံးခဲ့တာပါ။ အိန္ဒုနယ်မြေရဲစခန်းက စက်လှေမောင်းသူကို အမှုဖွင့်အရေးယူထားတယ်လို့ ရဲအုပ်လှငွေက ပြောပါတယ်။ ရဲမင်းခေါင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up