Home
မြန်မာသတင်း
ထန်းဇလုပ်ချောင်းတွင်း ရေနစ်ပျောက်ဆုံးနေသူ လူငယ် ၂ ဦးအလောင်း ဆယ်ယူရရှိ
Aung Ko Latt
·
July 29, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာ၊ ထန်းဇလုပ်အပန်းဖြေစခန်းမှာ ဇူလိုင်လ ၂၇ ရက်နေ့က အလည်လာရင်း ရေနစ်ပျောက်ဆုံးခဲ့တဲ့ ကလေးငယ် ၂ ယောက်ရဲ့အလောင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့က ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းမှာ ဆယ်ယူနိုင်ခဲ့ပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ ကလေးတွေက မန္တလေးမြို့က ၁၂ နှစ်အရွယ် မောင်လင်းလင်းထက်နဲ့ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်က ၁၇ နှစ်အရွယ် မောင်ထွန်းလင်းအောင်တို့ ဖြစ်ပြီး အတူပါလာသူတွေက ပျောက်တာပဲသိပြီး ဘယ်လိုပျောက်တယ်ဆိုတာ မသိတဲ့အတွက် ရှာဖွေကယ်ဆယ်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ သိရပါတယ်။ "ပျောက်တာက နေ့လယ် ၁၂ နာရီလောက်ကလို့ပြောတယ်။ ကျနော်တို့သိတဲ့အချိန်က ည ၇ နာရီလောက်မှ သိတာ။ သိသိချင်း ကျနော်ကိုယ်တိုင်ဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၁၀ ယောက်နဲ့သွားခဲ့တယ်။ ၇ နာရီလောက်ကနေ ၁၀ နာရီလောက်ထိရှာခဲ့တယ်။ ညဆိုတော့ အခက်အခဲရှိလို့ တန်းဖြုတ်ခဲ့တယ်။ နောက်နေ့ ၈ နာရီကနေစရှာတာ ၉ နာရီ ၁၀ မိနစ်လောက်မှာ မန္တလေးက ကလေးလေးကို ချိတ်နဲ့ချိတ်မိလို့ ရှာတွေ့ခဲ့တယ်။ အတူလာသူတွေက ဘယ်လိုပျောက်မှန်းမသိဘူး။ ရေနစ်တယ်လို့ ယူဆပေမယ့် ဘယ်နားမှာ နစ်တယ်ဆိုတာလည်း မသိဘူး။ ရေအောက်ကြည့် ရှာဖွေကယ်ဆယ်ရေး ကင်မရာတွေသုံးပေမယ့် ရေပြင်မညီညာတာကလည်း ရှာရတာခက်ခဲစေတယ်။ နေ့လယ်ပိုင်း ၃ နာရီ ၂၀ မှာတော့ ကျောက်ကြားညပ်နေတဲ့ ကျန်တဲ့အလောင်းကို ဆယ်ယူနိုင်ခဲ့တယ်" လို့ မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ဒီဗွီဘီကိုပြောပါတယ်။ ရေနစ်သေဆုံးတဲ့ကလေးတွေ ရှာဖွေကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ရေအောက်ကြည့် ကင်မရာတွေအပါအဝင် အခြားရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အချိန်ယူရှာဖွေခဲ့ရတာပါ။ မုံရွာမြို့နယ်မှာ ရှာဖွေကယ်ဆယ်ရေးအနေနဲ့ ဒီနှစ်အတွင်း ကန်သာယာ၊ ဗောဓိတထောင်ဆည်အပါအဝင် အခုအကြိမ်ပါဆို ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။ မနှစ်ကလည်း ထန်းဇလုပ်ချောင်းအတွင်းမှာ ရေနစ်သေဆုံးမှု တစ်ကြိမ်ဖြစ်ခဲ့ပါသေးတယ်။ အခုရေနစ်သေဆုံးမှုကိုတော့ မုံရွာနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်ပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024