Home
မြန်မာသတင်း
အမ်း-တပ်တောင်လမ်း ရေကျော်နေသဖြင့် ယာဉ်များ သွား၍မရ
DVB
·
July 27, 2018
မိုးအဆက်မပြတ်ရွာလို့ တောင်ကျရေတွေကြောင့် ရန်ကုန်-စစ်တွေ လမ်းမကြီး အရက်နေ့ကထက် ရေတွေ ကျသွားပေမယ့် အမ်း-တပ်တောင် လမ်းမကတော့ လက်ရှိ အချိန်အထိ ရေ ၄ ပေကျော်ကျန်ရှိတာကြောင့် ယာဉ်တွေသွားလာလို့ မရသေးပါဘူး။ မဲလက်မောင်းရွာကြားနဲ့ ကံ့ကော်မြိုင်ရွာကြားမှာ ဒီကနေ့ မနက်ပိုင်း ၁၂ နာရီလောက်က ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ စတင် ဖြတ်ကျော်လို့ရနေပြီလို့ အမ်းမြို့နယ် ဒု-အုပ်ချုပ်ရေး ဦးကျော်ညိမ်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကားလမ်းပိတ်နေတာတွေကတော့ ဖြတ်သွားလို့ ရနေပါပြီ။ လက်ကျန်ရေကတော့ ၁ ပေကျော်လောက်ပဲ ရှိတော့တယ်။ ဒီကနေ့ ၁၂ နာရီလောက်မှာ ဖြတ်လို့ရတာပါ။ ကားကြီးတွေရော ကားအသေးတချို့ရော သွားလို့ရနေပါပြီ။ ဒါပေမယ့် အခု မိုးအရမ်းရွာနေတယ်။ ဒီလို ဆက်ရွာနေမယ် ဆိုရင်တော့ ပြန်ပြီးတော့ ရေကြီးလာနိုင်တဲ့ အနေအထား ရှိတယ်”လို့ ပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းအထိတော့ အမ်း-တပ်တောင် လမ်းမကြီးကတော့ ကားလမ်းမကို ရေကျော်နေတာကြောင့် ကားတစီးမှ ဖြတ်သွားလို့ မရသေးကြောင်း အမ်းမြို့နယ် ယာဉ်ကြီးကြပ်ရေး အတွင်းရေးမှူး ကိုသန်းချိုက ဒီကနေ့ နေ့လယ်ပိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “လောလောဆယ် ဒီကနေ့ နေ့လယ်ပိုင်းအထိ အမ်း-တပ်တောင်းလမ်းက ဘာကားမှ ဖြတ်သွားလို့ မရသေးဘူး။ အမ်းနဲ့ တပ်တောင်ကားလမ်းမှာ ၄ ပေကျော်လောက် ကားလမ်းမပေါ် ရေကျော်နေသေးတယ်။ အမ်းချောင်း ရေကတော့ နည်းနည်းရေပြန်တက်လာတယ်။ အခု မိုးအရမ်းရွာနေတယ်”လို့ ပြောပါတယ်။ ဒါ့အပြင်လို့ စစ်တွေ-ရန်ကုန်လမ်းမနဲ့ အမ်း-တပ်တောင် ကားလမ်းမတွေ ရေကျော်နေတာကြောင့် ယာဉ်အသွားအလာတွေ အရင်ကလောက် မရှိသလို ခရီးသည်တွေဟာ အရင်ကထက် ကားပေါ်မှာ စီးနင်းလိုက်ပါသူ နည်းပါးသွားတယ်လို့ ကိုသက်ချိုက ဆိုပါတယ်။ ဇူလိုင် ၂၃ ရက်နေ့က အမ်းမြို့နယ် ကန်ဇလီကျေးရွာအမျိုးသမီးသူတဦး ရေစီးနဲ့ မျောပါသွားတာကြောင့် ဒီကနေ့အချိန်အထိ ပျောက်ဆုံးနေသူကို ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာလို့ တောင်ကျရေတွေကြောင့် ဇူလိုင်၂၄ ရက်နေ့ကစလို့ ရန်ကုန်-စစ်တွေ လမ်းမကြီးနဲ့ အမ်း-တပ်တောင်လမ်းမ ရေကျော်နေပြီး ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ၂ဝဝ ကျော် ပိတ်မိနေခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024