Live
Home
မြန်မာသတင်း
ငါးဖမ်းလုပ်ကွက် စမ်းသပ်တင်ဒါစနစ် ဖျက်သိမ်းပေးရန် ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်း
အာကာ
·
July 27, 2018
အထက်မင်းလှမြို့နယ်မှာ လုပ်ကိုင်နေတဲ့ ငါးဖမ်းလုပ်ကွက် စမ်းသပ်တင်ဒါစနစ်ဟာ အောက်ခြေ ရေလုပ်သားတွေအတွက် အခက်အခဲ ရှိတဲ့အတွက် ဖျက်သိမ်းပေးဖို့ ရှိ၊ မရှိ  လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် နဝမပုံမှန်အစည်းဝေး စတုတ္ထနေ့ဖြစ်တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက မေးမြန်းခဲ့တာပါ။ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်တွင် စမ်းသပ်တင်ဒါစနစ်နဲ့ လုပ်ကိုင်နေတဲ့ ငါးဖမ်းလုပ်ကွက်ဟာ အောက်ခြေ ရေလုပ်သားတွေအတွက် အခက်ခဲ ရှိနေတယ်လို့ ဆိုပါတယ်။ မင်းလှမြို့နယ် မဲဆန္ဒနယ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုစားလှယ် ဦးမောင်ကိုက “အမှတ်-၃ ရပ်ကွက် ရေလုပ်သားတွေ အငြင်းပွားတယ် ဆိုတာက ရေလုပ်သားတွေက မင်းလှမြို့နယ် တောင်ရပ်ကွက်က ဧရာဝတီမြစ်တဖက်ကမ်း မကွေးမြို့နယ်က ဂွေးချောင်းကျေးရွာ ရှိပါတယ်။ ဂွေးချောင်းကျေးရွာက ပုဂ္ဂိုလ်များကလည်း ငါးဖမ်းတဲ့လုပ်ငန်း လုပ်ကိုင်မယ့်သူတွေ ရှိပါတယ်။ ဂွေးချောင်းကျေးရွာက ငါးဖမ်းလုပ်ငန်း လုပ်တဲ့သူတွေနဲ့ မင်းလှမြို့နယ် တောင်ရပ်ကွက်က ပုဂ္ဂိုလ်များက ၂ဝဝ၇-၂ဝဝ၈ မှာ အငြင်းပွားမှုတွေ ဖြစ်ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနက အဲဒါကို စမ်းသပ် ဆောင်ရွက်ခဲ့တယ်။ စမ်းသပ်တင်ဒါ ဆောင်ရွက်တဲ့ အကြောင်းတရားက မညီညွတ်မှုပေါ့။ အခု ဒီမှာ ညီညွတ်နေတာ တနှစ်ကာလတောင် ရှိနေပြီ။ ဒီစမ်းသပ်တင်ဒါကို ပြန်လည်ဖျက်သိမ်းပေးသင့်၊ မပေးသင့်၊ ပေးနိုင်၊ မပေးနိုင် တချို့က မေးခွန်းမေးတာ ဖြစ်ပါတယ်။ တိတိကျကျ ဖြေမထားဘူး။ ကျနော်တို့ ဒီအခြအနေတွေကို တင်ပြပြီး အစိုးရအဖွဲ့ကို ဆက်လက်တင်ပြပါမယ်။” ငါးဖမ်းလုပ်သားတွေရဲ့ဘ၀ဟာ မနက်စာနဲ့ညစာကို မနည်းရှာစားနေရတဲ့ အနေအထားကို ရောက်နေတယ်လို့လည်း ဦးမောင်ကိုက ပြောပါတယ်။ “အခု အမှတ်-၃ တောင်ရပ်ကွက်က ငါးဖမ်းလုပ်သားတွေရဲ့ဘဝဟာ ပကတိအခြေအနေမှာ မနက်စာနဲ့ ညစာကို မနည်း ရှာစားနေရတဲ့ အနေအထား။ အဲဒီဒေသမှာ ရှိနေတဲ့ ငါးဖမ်းလုပ်သားတွေဟာ ငါးဖမ်းကိရိယာ လိုင်စင်အပြင် တင်ဒါစနစ်ကိုပါ ထပ်ပြီးပေးဆောင်ရသလို ဖြစ်နေပြီ။ အဲဒါ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလို့ အစိုးရဘက်က တင်ဒါစနစ်ကို ဖြေလျှော့ပေးဖို့ ကျနော် မေးခဲ့တာပါ။ ငါးဖမ်းကိရိယာ လိုင်စင်ကြေးရယ်၊ တင်ဒါကြေးရယ် နှစ်ခုကြီး ဖြစ်နေတယ်။ ပကတိအခြေအနေကလည်း ငါးဖမ်း ပြည်သူတွေကလည်း ဥပမာ မနက်စာ၊ ညစာ အနိုင်နိုင် ဖြစ်နေတဲ့ အနေအထားပေါ့။ ပကတိ အခြေအနေကို အစိုးရဆီ တင်ပြပြီးတော့ တခု ဖြေလျှော့ပေးဖို့ ဒါကို မေးတာပါ။” လို့ ပြောပါတယ်။ ဒေသခံ ရေလုပ်သားတွေအနေနဲ့ကတော့ ဒီလုပ်ကွက်ကို အခွန်ကင်းလွတ်ခွင့် ရဖို့ မျှော်လင့်နေကြပါတယ်။ ရေလုပ်သားတဦးက “တခုကောင်းတယ်ဆိုတာ ဒီလိုပါ။ ကျနော်တို့ လုပ်ရ ကိုင်ရတာလည်း အဆင်ပြေသွားတာပေါ့။ အရင်တုန်းကလည်း လိုင်စင်နဲ့ ဆောင်ပြီးတဲ့အပြင်ကို အခွန်ပါ ပေးနေရတော့ သူတို့ တောင်းတဲ့အချိန်ကျတော့ ကျနော်တို့မှာ ငွေရေးကြေးရေးက အဆင်မပြေတဲ့အခါကျတော့ သူများဆီက ချေးရတယ်။ ၁ဝ တိုး၊ ၂ဝ တိုး။ အဲဒီလိုလေးတွေ ချေးပြီးပေးရတဲ့အခါ ပြေလည်မှ ပြန်ဆပ်ရတာကိုး။ ဒီရာသီ သူတို့ တောင်းတဲ့အချိန်ဆို ကျနော်တို့က ပိုက်ဆံပြတ်နေပြီ။ ကျနော်တို့မှာ ဆောင်ဖို့ ငွေပမာဏက မရှိဘူး။ သူများဆီက ချေးပြီး ဆောင်ရတယ်။ ကင်းလွတ်ခွင့်ရမယ်ဆိုရင် ပိုကောင်းပါတယ်” လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းအပေါ်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ငါးလုပ်ငန်းဆောင်ရွက်ဖို့ ခွင့်ပြုပေးထားတဲ့  တင်ဒါငါးဖမ်းကွက်တွေကို ငါးဖမ်းကိရိယာလိုင်စင်နဲ့ လုပ်ကွက်ခွင့်ပြုတဲ့ ရေပြင်ဧရိယာကို ပြောင်းလဲသတ်မှတ်လိုက်ရင် ရေလုပ်သားတွေ ရရှိမယ့် အကျိုးခံစားခွင့်ထက် ဖြေရှင်းပေးရမယ့် ပြဿနာက ပိုများတာကြောင့် ငါးလုပ်ငန်းဦးစီးဌာနက အစိုးရအဖွဲ့ကို  တင်ပြသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024