Home
မြန်မာသတင်း
မြေယာပြဿနာများ ဖြေရှင်းနိုင်ရေး ပြည်သူစကား နားထောင်ရန် လိုအပ်
Aung Ko Latt
·
July 27, 2018
မြေယာပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် ပြည်သူတွေရဲ့စကား နားထောင်ဖို့နဲ့ ဥပဒေပြင်ဖို့ လိုအပ်တယ်လို့ မြေယာအရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ မုံရွာမြို့အခြေစိုက် ချင်းတွင်းအင်စတီကျူ့ကနေဦးဆောင်ကာ မြေယာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ၄ ရက်တာကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲကို မြေယာအရေးကျွမ်းကျင်သူ၊ ဆောင်းပါးရှင်တွေဖြစ်တဲ့ ဦးမောင်မောင်ညွန့်၊ ဦးဇော်မင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ လယ်ယာမြေအရေး ဆောင်ရွက်သူတွေ၊ တောင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စနစ်မကျတဲ့ မြေယာသိမ်းယူမှုတွေ၊ ဥပဒေရဲ့ အားနည်းချက်တွေကြောင့် တနိုင်ငံလုံးမှာ မြေယာပြဿနာတွေက ရှိနေပြီး ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။ မြေယာပြဿနာတွေ ပြေလည်ဖို့အတွက် တောင်သူတွေစကား နားထောင်ဖို့လိုသလို ဥပဒေပြင်ဖို့လည်း လိုတယ်လို့ ဦးဆောင်ဆွေးနွေးသူ ဦးမောင်မောင်ညွန့်က ပြောပါတယ်။ “မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ မြေနဲ့ဆိုင်တဲ့ ဥပဒေပေါင်း ၄ဝ ကို လေ့လာကြည့်တဲ့အခါ တောင်သူလယ်သမားရဲ့ မြေယာအာမခံချက်က အခုထိ ခိုင်မာမှုမရှိသေးပါဘူး။ မရှိသေးတဲ့အတွက် ဒီဥပဒေတွေပြင်ဖို့ လိုအပ်နေတယ်လို့ မြင်ပါတယ်။ အခုလို ဟောပြောဆွေးနွေးပွဲတွေကနေတဆင့် ပြည်သူ့တွေရဲ့အသံတွေက လွှတ်တော် ကိုယ်စားလှယ်တွေဆီ ရောက်မယ်။ ဒီလိုကနေ တနိုင်ငံလုံးရဲ့ အသံတွေက လွှတ်တော်ထဲကို ရောက်သွားလို့ရှိရင် ဒီဥပဒေတွေက ပြည်သူတွေအတွက် အာမခံချက်ရှိတဲ့ ဥပဒေတွေ ဖြစ်လာမယ်လို့ မြင်ပါတယ်။ ဥပဒေပေါင်း ၄ဝ ကို တခုချင်းပြင်ဖို့ဆိုတာတော့ ကျန်တဲ့ကာလအတွင်း တတ်နိုင်မှာ မဟုတ်ပါဘူး။ အရေးကြီးတဲ့ အချက်တွေက ဘာလဲဆိုတာ ပြည်သူပဲ အသိဆုံးပါ။ ပြည်သူသိတဲ့အတွက် ပြည်သူက ပြောတဲ့အပေါ်မှာ ပြင်လိုက်ရင်တော့ အမြန်ဆုံးအဆင်ပြေသွားမယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ မြေယာပြဿနာ ဧကပေါင်းသိန်းချီရှိနေပါတယ်။ ဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ တိုင်းလယ်မြေစစ်အနေနဲ့လည်း တိုင်ကြားစာစုစုပေါင်း ၁၄၄၉ စောင်ရှိတဲ့အထဲက ၁ဝ၃၉ စောင်စိစစ်ဖြေရှင်းပြီး ဖြေရှင်းဆဲ ၄၁ဝ ရှိလို့ ပြီးစီးမှု ၇ဝ.၈၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း လက်ရှိအချိန်ထိ မြေဧရိယာ ၅၈ဝဝဝ ကျော်ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးထားပြီး လွှဲပြောင်းဖို့ကျန်တဲ့ ၃၅၂ ဧကကျော်ကိုလည်း အမြန်ဆုံးလွှဲပြောင်းဖို့ စီမံဆောင်ရွက်ထားတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြေယာပြဿနာ ဖြေရှင်းရေးကော်မတီ အသီးသီးအနေနဲ့လည်း စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် အမှုတွေဖောင်းပွနေသလို ရုံးလုပ်ငန်းနားလည်သူ နည်းပါးတဲ့အတွက်လည်း ကြန့်ကြာမှုတွေရှိနေတယ်လို့ တိုင်းကြေးတိုင်မြေစာရင်းဦးစီးမှုး အငြိမ်းစားလည်းဖြစ်၊ မြေယာဥပဒေကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးဇော်မင်းကလည်း ပြောပါတယ်။ “တိုင်စာ ၁စောင်တက်လာတယ်။ ဒီစာကို ဘယ်လိုသရုပ်ခွဲပြီး၊ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ။ အဲဒီစနစ်မရှိဘူး။ လာသမျှစာလက်ခံတယ်။ အဟောင်းလားမသိဘူး။ မသစ်လားမသိဘူး။ အမှုက ၁ မှုရှိမယ့်အစား ၁ဝ မှုရှိလာတယ်။ ခရိုင်၊ တိုင်း၊ ဗဟို အားလုံးတိုင်တယ်။ ဘယ်ကိစ္စတွေက မြေသိမ်းတာနဲ့ဆိုင်တာလဲ။ ဘယ်ကိစ္စက တရားရုံးမှာ ရှင်းရမှာလဲ။ မြေယာအမှုအခင်းအနေနဲ့ လယ်/စီက ရှင်းရမှာလား။ အကုန်လက်ခံတော့ အမှုတွေဖောင်းပွတယ်။ စနစ်တကျမရှိဘူး။ ဗဟိုက အမှုတွဲအရေအတွက်နဲ့ တိုင်းမှာ ရှိတဲ့ အမှုတွဲအရေအတွက်မတူဘူး။ မှတ်ပုံတင်စနစ်မရှိဘူး။ နောက်ပြီး အာဏာခွဲဝေမှု။ မြေစစ်အဖွဲ့မှာ ပါတဲ့လူတွေက သူ့တာဝန်၊ ကိုယ့်တာဝန်ကဘာလဲ။ ဘယ်အဖွဲ့က ဘာလုပ်ဆိုတာမရှိဘူး။ ရုံးလုပ်ငန်းမှာ နားလည်တဲ့ ပုဂ္ဂိုလ်က ထွေအုပ်နှင့် မြေစာရင်းပဲရှိတယ်။ နောက်ပြီး သတ်မှတ်ချက်မရှိဘူး။ ဆိုတော့ အပေါ်ယံကြည့်ရင်ကောင်းတယ်ထင်ရပေမယ့် လက်တွေ့နယ်ပယ်မှာတော့ မထိရောက်ဘူး” လို့ ဆိုပါတယ်။ မြေယာပြဿနာတွေနဲ့ပတ်သက်ပြီး ပုံစံအမျိုးမျိုးရှိနေတာပါ။ တချို့နေရာတွေမှာ မြေတကွက်ထဲကို ပုံစံ ၇ က ၂စောင်၊ ၃ စောင်ဖြစ်နေတာတွေလည်းရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ထမ်းကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအပြင် အခြားဥပဒေနဲ့ပါ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024