နိုင်ငံရေးပါတီများ စစ်တပ်နှင့် ဝေးဝေးနေရန် အယ်လ်ဂျီးရီးယား ကာကွယ်ရေးဦးစီးချုပ် ပြော

လာမယ့်နှစ်မှာ ကျင်းပမယ့် အယ်လ်ဂျီးရီးယား ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ အနေနဲ့ စစ်တပ်နဲ့ ဝေးဝေးနေကြဖို့ အယ်လ်ဂျီးရီးယား ကာကွယ်ရေးဦးစီးချုပ်က ဇူလိုင် ၂၆ ရက်နေ့မှာ ပြောကြားသွားပါတယ်။ ဒီစကားဟာ အယ်လ်ဂျီးရီးယား နိုင်ငံရေးအကူးအပြောင်းကာလမှာ စစ်တပ်က စောင့်ကြည့်ထိန်းသိမ်းပေးဖို့ နိုင်ငံရေးပါတီတခုရဲ့ အပြင်းအထန် တောင်းဆိုချက်တွေကို စစ်တပ်က ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။ အယ်လ်ဂျီးရီးယားနိုင်ငံမှာ အလယ်အလတ် သဘောထားရှိတဲ့ အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်က စစ်တပ်ကို စောင့်ကြည့်ထိန်းကြောင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၉ ခုနှစ်မှာ ကျင်းပမယ့် အယ်လ်ဂျီးရီးယား ရွေးကောက်ပွဲမှာ အသက် ၈၁ နှစ်အရွယ် လက်ရှိသမ္မတ အဗ္ဗဒယ်အဇစ်က ၅ ကြိမ်မြောက် သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။ အယ်လ်ဂျီရီးယား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာမက်ဆာလက်ရှ်က ဇူလိုင် ၂၆ ရက်နေ့က မိန့်ခွန်းပြောကြားရာမှာ “စစ်တပ်အနေနဲ့ နိုင်ငံရေးအကွဲအပြဲတွေနဲ့ မပတ်သက်သင့်ဘူး၊ စစ်တပ်ဟာ ပြည်သူကို သစ္စာခံတာဖြစ်ပြီး စစ်တပ်ဆိုတာ နိုင်ငံရေးပါတီတွေရဲ့ အထက်မှာရှိတယ်" လို့ ပြောကြားခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားနိုင်ငံမှာ စစ်တပ်ဟာ နောက်ကွယ်ကနေ အဆုံးအဖြတ် ပေးနေသူဖြစ်တယ်လို့ ယူဆခံထားရကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up