သဘာဝဘေးရင်ဆိုင်ရန် ပြည်သူ့အင်အားသာလိုဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
July 26, 2018
ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးရင်ဆိုင်ဖို့ ပြည်သူလူထုရဲ့ အင်အားပဲလိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ ကရင်ပြည်နယ်၊ ဘားအံမြို့ကို လာရောက်ပြီး ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။
“အခုရေကြီးတဲ့ကိစ္စမှာဆိုရင် အမေတို့ပြန်ပြီးစဉ်စားရမယ်။ အခုကပြောင်းလဲသွားပြီး ရာသီဥတုက အမေတို့ တသက်မှာ ပြန်ပြောင်းမှာမဟုတ်ဘူး။ ဒီအတိုင်းပဲ ဆက်သွားမယ်။ တချို့တွေက အရင်နှစ်၅ နှစ်၊ ၁၀နှစ်တုန်းက ဒီလိုပဲ အဲလိုစဉ်းစားတယ်။ ၅ နှစ် ၁၀နှစ်အထိ တကမ္ဘာလုံးရဲ့ ရာသီဥတုက ပြောင်းသွားပြီ။ ရေကြီးတာကတော့ ဒီမှာဖြစ်နေတယ်။ ဘယ်လို လုပ်ရမလဲ။ အရင်တုန်းကထက် ကုန်းမြင့်တဲ့နေရာတွေမှာ နေရမယ်။ အဆောက်အဦတွေ့ အရင်တုန်းကထက် ရေလွတ်အောင် ဘယ်လိုလုပ်မလဲ။ အဲဒါတွေ စဉ်းစားရမယ်။ အဲဒါတွေက လက်တွေ့အလကားမရဘူး။ ပိုက်ဆံတွေလိုတယ်။ ပိုက်ဆံလိုတယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ ပိုက်ဆံရှိဖို့ဆိုတာ ပြည်သူလူထုရဲ့ အင်အားပဲလိုတယ်"လို့ ပြောပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လယ်ယာမြေပေါ်တည်ဆောက်မယ့် စီမံကိန်းတွေနဲ့ သိမ်းဆည်း လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ဆက်လက်ပြောကြားရာမှာ “ပြောင်းသင့်တဲ့ အချိန်မှာ ပြောင်းမှ ကိုယ်ဘဝက တိုးတက်မယ်။ ပြောင်းသင့်တဲ့အခါမှာ မပြောင်းဘဲနဲ့ ဒီနားမှာ ကပ်နေမယ်ဆိုရင် အနည်းနဲ့အများ ရင်ဆိုင်ရမှာကြောက်လို့ဆိုရင် ဘာမှ တိုးတက်မူမရှိဘူး။ ကြောက်နေလို့ မဖြစ်ဘူး။ သတ္တိရှိရှိနဲ့ ရင်ဆိုင်ရမယ်။ တချို့တွေက တရားမဝင်တဲ့ပုံစံနဲ့ နေတယ် ဆိုရင် တရားဝင်တဲ့နည်းတွေရှာသင့်တယ်။ အစိုးရကဝိုင်းပြီးရှာပေးရမယ်။ ပြည်သူကလဲ ပူးပေါင်းဆောင်ရွက်ရမယ်"လို့ ပြောပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကယ်ဆယ်ရေးစခန်းတွေကိုရောက်ရှိ ခိုလှုံနေတဲ့ ဒေသခံပြည်သူတွေကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ဌာနဆိုင်ရာတွေက ပေးအပ်လှူ ဒါန်းတဲ့ ထောက်ပံ့ငွေနဲ့ စားသောက်ဖွယ်ရာတွေကို လက်ခံခဲ့ပါတယ်။
ဆက်လက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေ တဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မေးမြန်းပြီး ပြည်နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ ဌာနတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ လမ်းညွန်မှာကြားခဲ့ပါတယ်။
ရဲမင်းခေါင်