Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
July 26, 2018
ဒီတပတ်ရဲ့ဒီဗွီဘီရဲ့Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Zoe အမည်ရတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Drake Doremus က ထုတ်လုပ်သူအနေနဲ့ရော ဒါရိုက်တာအနေနဲ့ပါ ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး Romantic Science Fiction ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကားကောင်းတကား ဖြစ်ပါတယ်။ မကြာတော့မယ့် အနာဂတ်ကာလကို အခြေတည်ထားတဲ့ ဒီဇာတ်လမ်းထဲမှာ လူသားတွေနဲ့ ဉာဏ်ရည်မြင့် ရိုဘော့စက်ရုပ်တွေကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ပုံဖော်ရိုက်ကူးထားခဲ့တာပါ။ ဒီကားထဲမှာ Scottish မင်းသား Ewan McGregor က Cole အမည်ရတဲ့ Artificial Intelligence Engineer တယောက်အဖြစ် ပါဝင်ထားခဲ့ပြီး လူသားပုံတူ စွမ်းရည်မြင့် ဇာတ်ကောင် Zoe နေရာမှာတော့ ပြင်သစ်ရုပ်ရှင်မင်းသမီး Léa Seydoux က ပါဝင်ထားတာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ရဲ့ ဆက်နွှယ်ပတ်သက်မှုနဲ့ ချစ်ခြင်းမေတ္တာကြားမှာ ကွာဟနေတဲ့ အမှန်တရားတခုကို Zoe က ရှာဖွေတွေ့ရှိလိုက်ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာ နာမည်ကြီး အမေရိကန် အဆိုတော် Christina Aguilera ကလည်း Jewels အမည်ရတဲ့ Robot Prostitute တယောက် နေရာမှာ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁ဝ၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ လိင်ပိုင်းဆိုင်ရာ နောက်ခံမြင်ကွင်းတွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကို Rated R အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ဝ ရက်နေ့တည်းက ရုံတင်ပြသနေတာဖြစ်ပြီး IMDb မှာလည်း Rate 6 ထိ ရရှိထားတာမို့လို့ အားပေးကြည့်ရှုနိုင်ဖို့ မိတ်ဆက်ပြောပြပေးလိုက်ပါတယ်။ ဒုတိယတကား မိတ်ဆက်ပြောပြပေးချင်တာကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်- CO2 လို့ ခပ်ဆန်းဆန်း နာမည်ပေးထားတဲ့ မြန်မာရုပ်ရှင်ကားပါ။ ဒီကားကိုတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာဖြစ်ပြီး မီမီရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူငယ်တယောက်ဟာ သူ့စိတ်ရဲ့ စေစားရာအတိုင်း အမှား အမှန် မခွဲခြားဘဲ လုပ်မိရာကနေ လမ်းမှားကို ရောက်သွားပြီး ဒုစရိုက်မှုတွေ ကျူးလွန်တဲ့အထိ ရောက်ရှိသွားရတဲ့ အဖြစ်ကို သင်ခန်းစာယူနိုင်ဖို့ ရိုက်ကူးထားတဲ့ အချစ်ဒရာမာနဲ့ ထိတ်လန့်ကြောက်မက်ဖွယ် ပညာပေးဇာတ်လမ်း ဖြစ်ပါတယ်။ နောင်နောင်နဲ့ သာယာတို့ဟာ အိမ်နီးချင်း ငယ်သူငယ်ချင်းတွေ ဖြစ်ကြတယ်။ သူတို့ ၂ ယောက် ကြီးလာကြချိန်မှာ နောင်နောင်က ကုမ္ပဏီအရောင်းမန်နေဂျာဖြစ်လာပြီး သာယာကတော့ မီဒီယာတခုမှာ အလုပ်လုပ်တယ်။ နောင်နောင်က သာယာကို တိတ်တခိုး စိတ်ဝင်စားနေတယ်။ သူဟာ အလုပ်မှာလည်း အဆင်မပြေ၊ သူငယ်ချင်းဖြစ်တဲ့ သာယာကလည်း ချစ်သူရသွားချိန်မှာ အောက်လမ်းနည်းပညာနဲ့ ပြုလုပ်ထားတဲ့ အစီအရင်တွေကို အသုံးပြုပြီး ချစ်သူကို ပြန်ရဖို့ စိတ်ထင်ရာစိုင်းခဲ့ချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား အလင်းရောင်၊ ကျော်ထက်အောင်တို့နဲ့ အတူ မင်းသမီး ဖွေးဖွေး၊ ရတနာဗိုတို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပြီး ဖုတ်၊ သရဲတစ္ဆေ၊ နာနာဘာဝ ဇာတ်ဝင်ခန်းတွေနဲ့ ထိတ်လန့်ဖွယ် ရှုစားကြရမှာပါ။ ဒါရိုက်တာ ဝိုင်းနဲ့ ဖွေးဖွေးအတွဲဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု အများအပြား ရှိနေတာမို့ ဒီကားဟာလည်း မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တာပါ။ ဒီရုပ်ရှင် Trailer ကိုတော့ Facebook ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်နေခဲ့ပြီ ဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Action Adventure Spy ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားပါ။ Mission: Impossible - Fallout ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားဟာ Mission: Impossible Movie Series တွေရဲ့ ၆ ကားမြောက်ထွက်ရှိလာခဲ့ တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Christopher McQuarrie က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီးမင်းသား Tom Cruise ကို Impossible Missions Force(IMF)ရဲ့ Agent တဦးအဖြစ် ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ မှားယွင်း ခဲ့တဲ့ Mission တခုနောက်ကို IMF Team Member တွေ၊ မဟာမိတ်တွေနဲ့အတူ စွန့် စွန့်စားစားလိုက်ရတဲ့ အခြေအနေတွေကို အပစ်အခတ်အက်ရှင်ဆန်ဆန် ပြကွက်တွေနဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသား Tom Cruise နဲ့အတူ ဗြိတိန်မင်းသား Henry Cavill ၊ Simon Pegg ၊ ဆွီဒင်မင်းသမီး Rebecca Ferguson တို့က အတွဲညီညီ ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၄၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ၁ နှစ်လောက် အချိန်ယူရိုက်ကူးခဲ့ရ တာဖြစ်ပြီး Paris, U.K, Newzealand, Norway နဲ့ U.A.E နိုင်ငံတွေမှာ ရိုက်ကူးထားခဲ့ တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rate 9.3 ထိ ရရှိထားတာဖြစ်ပြီး လာမယ့် ဇူ လိုင်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ ဇာတိမြေ - My Country My Home ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီကားဟာ ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ပုံဖော်ရိုက်ကူးပေးထားတဲ့ ဇာတ်ကားတကားဖြစ်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မြန်မာပရိတ်သတ်တွေ ရင်းနှီးပြီးဖြစ်တဲ့ မိုရီဆာကီဝင်းနဲ့အတူ မြန်မာ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အကယ်ဒမီ ရန်အောင်၊ အောင်ရဲလင်းနဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတိမြေ ဇာတ်ကားဟာ ရှစ်လေးလုံး အရေးတော်ပုံအပြီး ဂျပန်နိုင်ငံကို ထွက်ခွာသွားတဲ့ မိသားစုတစုရဲ့အကြောင်းကို အခြေတည် ရိုက်ကူးထားတာမို့ ဒီဇာတ်ကားရဲ့ ၇ဝ ရာခိုင်နှုန်းလောက်ကို ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံအပြီး နောက်ပိုင်းကာလတွေမှာ ပြည်သူတွေ ဘယ်လို ခံစားခဲ့ရသလဲ၊ ပြည်ပကို ထွက်ခွာသွားတဲ့ ပြည်သူတွေအနေနဲ့ နေရပ်ကို ဘာကြောင့် ပြန်လာခွင့်မရကြသလဲ ဆိုတာတွေကို နိုင်ငံရေးဇာတ်ကားတကားအဖြစ် အသားပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျပန်မှာလည်း နာမည်ကြီးအဆိုတော်တဦးအဖြစ် အောင်မြင်နေတဲ့ အဝင်းလို့ သိကြတဲ့ မိုရီဆာကီဝင်းက ဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းကို သီဆိုပေးထားခဲ့ပြီး ဂျပန်-မြန်မာ စကားပြောတွေနဲ့ သရုပ်ဆောင်မှုတွေကိုလည်း ရှုစားကြရမှာမို့ ပရိသတ်တွေက စောင့်ကြည့်သင့်တဲ့ ဇာတ်ကားတကားပါပဲ။ ဒီကားရဲ့ Premier Show ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့တာဖြစ်ပြီး မြန်မာပရိသတ်တွေနဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြတာပါ။     လက်ရှိမှာတော့ ဒီရုပ်ရှင်ကား Trailer ကို Facebook ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတွေမှာ ရိုက်ကူးထားခဲ့တဲ့ ရှုခင်းရှုကွက်တွေနဲ့ ရှုစားကြရမယ့် ဒီဇာတ်ကားကိုတော့ လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ The Row အမည်ရတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Matty Beckerman က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Horror, Thriller အမျိုးအစား ရုပ်ရှင်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ တက္ကသိုလ် Campus တခုမှာ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး တယောက် ပြီးတယောက် အသတ်ခံနေရချိန်မှာ Riley ဆိုတဲ့ မိန်းကလေးဟာ ဘာမှမသိပဲ အဲဒီနေ ရာဆီ အသစ်ရောက်လာခဲ့တယ်။ သူ့ရဲ့ ဖခင်ဖြစ်တဲ့ Cole က စုံထောက်တယောက်ဖြစ် ပြီး လျှို့ဝှက်ရက်စက်တဲ့ ဒီအခြေအနေကို မလွန်ခင်မှာ ဖော်ထုတ်ဖို့ ကြိုးစားချိန်မှာပဲ နောက်ထပ် ပစ်မှတ်က သမီးဖြစ်သူ Riley ဖြစ်လာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့  Collin Egglesfield  ၊ Dylan Sprayberry Lala Kent Lexi Atkins တို့က ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ သွေးထွက်သံယို ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုလည်း Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃ဝ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉း၃ဝ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ဝင်ရောက်အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024