ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ဆင်ရေးအသုံးစရိတ် ကျပ်ငွေ ၅ ဘီလီယံကျော် အပါအ၀င် စုစုပေါင်းအသုံးစရိတ် ကျပ်ငွေ ၃၂၅၀ ဘီလီယံကျော် ဇူလိုင် ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တောင်းခံလိုက်ပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းတွေနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တင်ပြတာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အခုလို တင်ပြတောင်းခံတာပါ။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေစာရင်းမှာ သာမန်ရငွေ ၇၁ ဒသမ ၄၄၃ ဘီလီယံ၊ သာမန်အသုံးစရိတ် ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံ၊ ရငွေစုစုပေါင်း ၇၁ ဒသမ ၄၄၃ ဘီလီယံ၊ သုံးငွေစုစုပေါင်း(စုစုပေါင်းတောင်းခံငွေ) ၃၂၅၀ ဒသမ ၀၆၅ ဘီလီ ယံဖြစ်ပါတယ်။
ဗိုလ်ချုပ်မြင့်နွယ်က”သာမန်အသုံးစရိတ်စုစုပေါင်း ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံလျာထားတဲ့အထဲမှာ လစာနဲ့ စရိတ်များ ၈၆၁ ဒသမ ၈၁၀ ဘီလီယံ၊ ပစ္စည်းများ ၄၅၁ ဒသမ ၈၃၆ ဘီလီယံ၊ ပို့ဆောင်ရေး ၁၇ ဒသမ ၂၁၆ ဘီလီယံ၊ အင်ဂျင်နီယာ ၈၉ ဒသမ ၁၄၉ ဘီလီယံ၊ အထွေထွေ ၁၈၇ ဒသမ ၉၀၀ ဘီလီယံ၊ စစ်ဆင်ရေး ၅ ဒသမ ၅၀၂ ဘီလီယံ၊ စက်ရုံ အလုပ်ရုံများ ၁၉၉ ဒသမ ၄၁၀ ဘီလီယံနဲ့ အတိုး ၅ ဒသမ ၃၂၃ ဘီလီယံတို့ဖြစ်ပြီး စုစုပေါင်း ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံထဲမှာ ဆောက်လုပ်ရေးအသုံးစရိတ် ၂၉၂ ဒသ မ ၈၄၇ ဘီလီယံ၊ စက်ပစ္စည်းအသုံးစရိတ် ၁၁၃၈ ဒသမ ၁၇၂ ဘီလီယံနဲ့ အခြားအသုံးစရိတ် သုည ဒသမ ၉၀၀ ဘီလီယံတို့ဖြစ်ပြီး စုစုပေါင်း ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းအတွက် တောင်းခံထားတဲ့ အသုံးစရိတ် စုစုပေါင်း ၃၂၅၀ ဒသမ ၀၆၅ ဘီလီယံဟာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းထက် ၅၇ ဒသမ ၁၁၄ ဘီလီယံ တိုးမြှင့်တောင်းခံထားတယ်လို့ ဒုတိယ၀န်ကြီးက ဆိုပါတယ်။
“အခုလို တိုးမြှင့်တောင်းခံရတာဟာ ၂၀၁၈ ခုနှစ် ဧပြီလမှာ နိုင်ငံ့ဝန်ထမ်းလစာတွေ တိုးမြှင့်လာတာကြောင့် ထပ်မံလိုအပ်ငွေမှာ ၁၂၇ ဒသမ ၅၁၇ ဘီလီယံဖြစ်ပေမယ့် ကျန် အသုံးစရိတ်တွေကို လျော့နည်းတောင်းခံထားတာကြောင့် မဖြစ်မနေ လိုအပ်တဲ့ ၅၇ ဒသမ ၁၁၄ ဘီလီယံကိုသာ တိုးမြှင့်တောင်းခံထားတာဖြစ်ပါတယ်” ဗိုလ်ချုပ် မြင့်နွယ်က ပြောပါတယ်။
နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီစာရင်းအရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၂၄၇,၄၆၄,၅၉၉ ဒသမ ၄၇ ရှိပါတယ်။
ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်