မန္တလေးဈေးချိုတော်ကို တားမြစ်ဓာတုဆိုးဆေးကင်းစင်ဈေးအဖြစ် သတ်မှတ်
Aung Aung Naing
·
July 25, 2018
မန္တလေးဈေးချိုတော်ကို တားမြစ်ဓာတုဆိုးဆေး ကင်းစင်တဲ့ဈေးအဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကြေညာပါတယ်။
မန္တလေးဈေးချိုတော်အတွင်း ဆိုးဆေးပါဝင်ပြီး ရောင်းချနေကြတဲ့ လက်ဖက်၊ ငရုပ်သီး၊ ငါးပိ၊ ပဲပြား အရောင်တင် အချည်ပေါင်း အချိုရည်စတဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ ဆိုင်ခန်း ၃၈၆ ဆိုင်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁ လပိုင်းက ဆိုင်ခန်း ၁၂၄ ဆိုင်ကို ကင်းစင်ကြောင်း အတည်ပြု လက်မှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၂၆၂ ကို ခွင့်မပြု ဓာတုဆိုးတေးကင်းစင်ကြောင်းကို အတည်ပြု ပေးခဲ့တာပါ။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “အခုလိုကင်းစင်ရတာဟာ FDA နဲ့အတူ ဌာနပေါင်းစုံက တာဝန်ရှိသူတွေရဲ့ ကြိုးစားအားထုတ်မူတွေနဲ့အတူ ကုန်ပစ္စည်း ရောင်းချနေကြတဲ့ ဈေးသူဈေးသားတွေရဲ့ ကျန်းမာရေးအသိတွေ တိုးတက်လာကြသလို ပူးပေါင်းဆောင်ရွက်လာကြလို့ အခုလို ကြေညာနိုင်ခဲ့တာ ဖြစ်တယ်”လို့ ပြောပါတယ်။
ရှမ်းရွှေတောင်လက်ဖက်နဲ့ စားသောက်ကုန်လုပ်ငန်း အထက်မြန်မာပြည် အရောင်းတာဝန်ခံ ကိုစိုးနိုင်လင်းက “အခုလို အသိအမှတ်ပြုရုံတင်မကဘဲ အမြဲတမ်း စစ်ဆေးမှုတွေလုပ်ပေး လမ်းညွှန်မှုတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးလောကမှာ ပြိုင်ဆိုင်ကြတာများ ပါတယ်။ ကျနော်တို့ကတော့ အကောင်းမွန်ဆုံး ဖြစ်အောင် အရည်အသွေး အပြည့်မှီဖို့ အမြဲကြိုးစားနိုင်အောင် အမြဲစစ်ဆေးနေဖို့လိုတယ် ကြိုလည်းကြိုဆိုပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့ စားသောက်ကုန်တွေဖြစ်လာမှာပါ။ ရေရှည်ကင်းစင်နေဖို့ တာဝန်ရှိသူတွေ အနေနဲ့ မကြာခဏ စစ်ဆေးပေးဖို့လိုတယ်”လို့ ပြောပါတယ်။
အခုပွဲကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး FDA က ပါမောက္ခဒေါက်တာခင်ဇော် မန္တလေးစည်ပင်သာယာရေး ကော်မတီသားသတ်ဌာနနဲ့ သန့်ရှင်းရေးဌာနက တာဝန်ရှိသူတွေ၊ မန္တလေးဈေးချိုတော်သူ ဈေးချိုတော်သား ၁၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။