Home
မြန်မာသတင်း
စားသောက်ကုန်များတွင် ဆိုးဆေးပါဝင်မှု ရှိ မရှိ စစ်ဆေးနည်းများ FDA မျှဝေ
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 24, 2018
စားသောက်ကုန် ပစ္စည်းတွေကို တဆင့်ဝယ်ယူရောင်းချသူတွေအနေနဲ့ ကုန်ပစ္စည်းတွေမှာ ဓာတုဆိုးဆေး သုံးစွဲထားမှု ရှိမရှိကို စမ်းသပ်သိရှိစေဖို့အတွက် နည်းပညာ မျှဝေတာတွေ လုပ်ဆောင်နေတယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောပါတယ်။ “ဆိုးဆေးသုံးထားတာ ရှိမရှိကိုလည်း ဆိုင်ကြီးတွေကို နည်းပညာမျှဝေးပေးပါတယ်။ ငပိမှာဆိုရင် ဆိုးဆေး သုံးထားမထား သိဖို့အတွက် Test Tube ထဲမှာ ငပိကို ထည့်မယ်။ နော်မယ် စလိုင်းဆိုတဲ့ အရည်လေးထည့်ပြီးတော့ ဓာတ်ပြုမယ့် ပတ်တီးစလို အစလေး ဂွမ်းစလေး ထည့်ရတယ်။ ထည့်ပြီးတော့မှ လုံလောက်တဲ့ အပူချိန်ပေးပြီးတော့ ရပြီဆိုရင် အဲ့ပတ်တီးစ ဂွမ်းစလေးကို ရေဆေးကြည့်ရမယ်။ ဆေးလိုက်လို့ အဲ့အစလေးမှာ အရောင်ကျန်နေရင် ဆိုးဆေးသုံးထားလို့ပဲ မကျန်ရင်တော့ သုံးမထားဘူးပေါ့။ ဒါအန်မတန် လွယ်ကူတဲ့ နည်းလမ်းလေးပါ။ ဒီနည်းကို ဆိုင်ကြီးတွေကို မျှဝေပေးထားပါတယ်” လို့ ဒေါက်တာထွန်းလင်းအောင်က ပြောပါတယ်။ FDA အနေနဲ့ ဈေးတွေ၊ စတိုးဆိုင်တွေ၊ ဆေးဆိုင်တွေ၊ စူပါမားကတ်တွေမှာ ဖြန့်ဖြူးရောင်းချနေတဲ့ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ ဆေးဝါးတွေမှာ ခွင့်မပြုထားတဲ့ ဓာတုဆိုးဆေး၊ တရားမ၀င်ဆေးပစ္စည်း ရောင်းချနေမှုတွေကို လိုက်လံစစ်ဆေးမှုတွေကို ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ “ပဲသွေးတို့ ပဲပြားတို့မှာ ဟော်မလင်ခေါ်တဲ့ တာရှည်ခံဆေးဒါတွေ တွေ့တယ်။ နောက် ကွမ်းသီးတွေထည်မှာ နည်းနည်း အိသွားအောင်၊ ပျော့သွားအောင် ဆိုဒီယမ်ဟိုတ်ဒရို စာလဖိုက်လို့ ခေါ်တဲ့ ချွတ်ဆေး အင်္ကျီတို့ အ၀တ်တို့မှာ အစွန်းထင်ရင် ချွတ်အောင် ချွတ်တဲ့ ဆေးကို ကွမ်းသီးနဲ့ တိုက်ရိုက်စိမ်ထားတယ်။ ကွမ်းသီးကို အိအောင် ရေ သုံးရက်လောက် စိမ်ရမယ့် နေရာမှာ ဒီဆေးနဲ့ အချိန်အနည်းငယ်အတွင်း အိအောင် သုံးထားတာကို တွေ့ရတယ်။ ဒါကလည်း ခွင့်မပြုထားတဲ့ ဓာတုဆေးတွေ သုံးနေတာကို တွေ့ခဲ့ရပါတယ်” လို့ ဒေါက်တာ ထွန်းလင်းအောင်က ပြောပါတယ်။ ခွင့်မပြုထားတဲ့ ဓာတုပစ္စည်းတွေနဲ့ ဆိုးဆေးတွေဟာ ငပိ၊ လက်ဖက်၊ ဂျင်း၊ အချိုရည်၊ ဂျယ်လီ၊ ပဲပြား၊ ပဲသွေး၊ ငရုပ်သီးမှုန့်၊ ပဲမှုန့်တွေမှာ အများဆုံးပါဝင်နေတာလို့လည်း သိရပါတယ်။ အဲ့ဒီလို ဆိုးဆေးအသုံးပြုထားတဲ့ စားသောက်ကုန်တွေကို နေ့စဉ်နဲ့အမျှ စားသောက် မယ်ဆိုရင် အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရင်ကြပ်ရောဂါတွေနဲ့ ကင်ဆာလို ရောဂါမျိုးကြီးတွေအထိ ကြုံတွေ့ခံစားလာနိုင်တယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ၂၀၁၇ ခုနှစ်က ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ စူပါမားကတ်တွေ၊ ဈေးတွေမှာ ရောင်းချနေတဲ့ စားသောက်ကုန်ဆေးဝါး အလှကုန်ပစ္စည်းတွေက နမူနာ ၁၀၄၈ ခုကို စစ်ဆေးခဲ့ရာမှာ ၁၉၈ မှာ ခွင့်မပြုထားတဲ့ ဓာတုပစ္စည်းနဲ့ ဆိုးဆေးပါဝင်တဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါအပြင် ၂၀၁၈ ခုနှစ် လက်ရှိ အချိန်အထိ ဈေး ၂၀ နီးပါးကနေ နမူနာ ပစ္စည်း ၄၇၄ မျိုးကို စစ်ဆေးရာမှာတော့ ၇၇ မျိုးဟာ ဓာတုပစ္စည်းနဲ့ ဆိုးဆေးသုံးစွဲထားတာကို တွေ့ရှိခဲ့ရတယ်လို့ လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024