Home
မြန်မာသတင်း
ချင်းဘာသာ ၅ မျိုးဖြင့် ပြန်ဆိုထားသည့် လူ့အခွင့်အရေးကြေညာစာတမ်း မိတ်ဆက်
ပိုင်စိုး
·
July 24, 2018
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ချင်းဘာသာစကား ၅ မျိုးနဲ့ ပြန်ဆိုပြီး ဒီနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။ ဘာသာပြန်ဆိုထားတဲ့ စာအုပ်တွေကို ဒီနေ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးကို ပေးအပ်ခဲ့တာပါ။ ချင်းဘာသာစကားတွေထဲက ဖလမ်း၊ ခူမီး၊ ချို၊ အရှိုနဲ့ ဇိုမီးဘာသာ ၅ မျိုးနဲ့ ပြန်ဆိုထားတာပါ။ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ပေါင်လွန်းမင့်ထန်က “ဘာသာစကား ၅ မျိုးတည်းကတော့ တပြည်နယ်လုံးကို မလွှမ်းခြုံနိုင်သေးပါဘူး။ နောက်ထပ် ၁ ဘာသာလောက်ဆိုရင်တော့ လွှမ်းခြုံနိုင်မယ်။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်တွေကြောင့် ကိုယ့်အခွင့်အရေးကို သိလာသလို တခြားသူရဲ့ အခွင့်အရေးကိုလည်း လေးစားလာနိုင်မှာပါ။ စာအုပ်တွေ ဖြန့်ဖို့အတွက်ကတော့ ဟားခါးကို ပြန်ရောက်ရင် စီစဉ်သွားပါမယ်” လို့ ပြောပါတယ်။ အချက် ၃၀ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့၊ ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုထုတ်ပြန်ခဲ့တာကြောင့် အခုဆိုရင် နှစ်ပေါင်း ၇၀ ရှိပါပြီ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီကြေညာစာတမ်းကို အများပြည်သူသိရှိအောင် မြင်သာတဲ့ နေရာတွေမှာ ပြသထားဖို့၊ ဘာသာစကားအသီးသီးနဲ့ ပြန်ဆိုဖြန့်ချိဖို့ အဲဒီကတည်းက ပန်ကြားထားခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက မြန်မာဘာသာကို တရားဝင် ပြန်ဆိုပြီး ဖြန့်ချိတာကို အရင်အစိုးရတွေ လက်ထက်က ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးဖွဲ့ပြီးနောက်ပိုင်း၂၀၁၃ ခုနှစ်မှာ မြန်မာဘာသာကို ပြန်ဆိုဖြန့်ဝေခဲ့ပြီး၊ ၂၀၁၅ ခုနှစ်မှာ ကချင်ဘာသာ၊ မွန်ဘာသာနဲ့ ရှမ်းဘာသာတို့ကို ပြန်ဆိုခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာ ကရင် သာသာသုံးမျိုးဖြစ်တဲ့ ပိုး(အရှေ့)၊ ပိုး (အနောက်)နဲ့ စကောဘာသာတွေကို ပြန်ဆိုပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီမှာ ကယားဘာသာကို ပြန်ဆို မိတ်ဆက်ခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024