DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲသည် အဓိကဖြစ်ကြောင်း ယူအန်အက်ဖ်စီဆုံးဖြတ်
DVB
·
July 19, 2012
နိုင်ငံရေးဆွေးနွေးပွဲသည် အဓိကဖြစ်ကြောင်း ယူအန်အက်ဖ်စီဆုံးဖြတ်
Donate to DVB

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)မှာ ပါဝင်တဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ အစည်းအဝေးကနေ နိုင်ငံရေးဆွေးနွေးပွဲဟာ အဓိကဖြစ်ပြီး အပစ်အခတ်ရပ်သည်ဖြစ်စေ မရပ်သည်ဖြစ်စေ အားလုံးပါဝင်ခွင့် ရှိရမယ်ဆိုတဲ့ မူဝါဒကို ချမှတ်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ မကိုင်တဲ့အဖွဲ့တွေရော ၁၁ ဖွဲ့ စုပေါင်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ (ယူအန်အက်ဖ်စီ) က ဇူလိုင် ၁၆ ရက်နေ့မှာ စတင်တဲ့ ၃ ရက်ကြာ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ။

[caption id="attachment_28157" align="alignright" width="300" caption="ဗိုလ်မှူးကြီး ခွန်ဥက္ကာ"][/caption]

ဒီဆုံးဖြတ်ချက်ဟာ အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးက ပထမ၊ ဒုတိယက ပင်လုံကဲ့သို့သော ညီလာခံတရပ်ကို ကျင်းပပြီး နိုင်ငံရေးဆွေးနွေးဆိုတဲ့ အစီအစဉ်ကို မေးခွန်း ထုတ်လိုက် တာ ဖြစ်ပါ တယ်။ ညီလာခံဆုံးဖြတ်ချက်ကို အဖွဲ့ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ခုလိုရှင်းပြပါတယ်။

“အပစ်ရပ်သည် ဖြစ်စေ၊ မရပ်သည် ဖြစ်စေ အားလုံးဟာ တညီတညွတ်တည်း ဖြစ်ရမယ်။ အပစ်ရပ်တာကို အကြောင်းပြပြီး ကွဲပြားခြားနားမှု မရှိရဘူး ဆိုတဲ့ဟာပေါ့ဗျာ။ အဲဒီဟာကို ကျနော်တို့ ချမှတ်နိုင်ခဲ့တယ်။ နောက်တခုက အပစ်ရပ်တာဖြစ်ဖြစ်၊ အပစ်မရပ်တာဖြစ်ဖြစ် အဓိကကျတဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုကို တက်လှမ်းဖို့ မဖြစ်မနေ ကြိုးပမ်းရမယ်။ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပတဲ့အခါမှာလည်း အားလုံးပါရမယ်။”

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုင်းရင်းသား ၁၀ ဖွဲ့ကို အပစ်အခတ်ရပ် လက်မှတ်ထိုးနိုင်ခဲ့ပေမယ့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတာတွေ၊ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်သေးတာတွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီလို ပြန်လည်ပစ်ခတ်မှုတွေကို ပြန်လည်သုံးသပ်ရင်း အဓိကက နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးဟာ အဓိကကျတယ်ဆိုတာ ပိုမိုပေါ်လွင်လာတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခုလို ပြောပါတယ်။

“ကျနော်တို့သဘောထားကို ပြောတာက အပစ်အရပ်ထားတာ မရပ်တာနဲ့ ပစ်တာခတ်တာနဲ့က သိပ်မဆိုင်သလို ဖြစ်နေတယ်။ ဒါကြောင့် အဓိက တောင်းဆိုရမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ကိုပဲ ဦးတည် တောင်းဆိုသင့်တယ်။ အပစ်ရပ်တာတို့၊ ဆက်ဆံရေးရုံးတို့၊ ဖွံ့ဖြိုးရေး အဲ့ကြားမှာ အချိန်မကုန်သင့်ဘူးပေါ့။ အဲ့မှာပဲ အချိန်ဖြုန်းနေရင်၊ ထောင်ချောက်မိနေရင် အဓိက ပန်းတိုင်ဖြစ်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲက နှောင့်နှေးသွားမှာပေါ့။ ဒါကို မျက်ခြည်မပြတ်ဘဲနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရေးကို ပစ်မှတ်ထားပြီးတော့ ၀ိုင်းဝန်းကြိုးပမ်းကြဖို့ပေါ့။ အပစ်ရပ်ရော၊ အပစ်မရပ်ရော။”

ဦးသိန်းစိန်အစိုးရနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်လို့ ပြောထားပေမယ့် တကယ် လုပ်ဆောင်ခြင်း မရှိတဲ့အပေါ် ပြန်လည် သုံးသပ်ခဲ့ကြတယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။

“ဦးသိန်းစိန်အစိုးရ အနေနဲ့လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးလို့ ပြောပေမယ့်လည်း ကချင်ကို မရပ်တဲ့အတွက် တကယ့်စိတ်စေတနာ မရှိဘူးဆိုတာကို ပြတာပေါ့ဗျာ။ ကချင်ကို စစ်ရပ်စဲမယ်ဆိုရင် အနည်းဆုံးတော့ ငြိမ်းချမ်းရေး လိုချင်တယ်။ ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ် ဆိုတာကို သက်သေပြရာ ရောက်တာပေါ့။ အခု အပြောတမျိုး အလုပ်တမျိုး ဖြစ်နေသလားဆိုတာ ပြန်စိစစ်ဖို့ လိုတဲ့အကြောင်းပေါ့။”

ယူအန်အက်ဖ်စီအဖွဲ့ကို ၂၀၁၁ ခုနှစ်ဆန်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်း ထူထောင်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေ ထဲမှာ နောက်အကျဆုံး ပေါ်ပေါက်လာတဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့ဖြစ်ပြီး တိုင်းရင်းသား အသီးသီးကို ကိုယ်စားပြုပြီး နိုင်ငံရေး ဆွေးနွေးဖို့ အစိုးရကို ကမ်းလှမ်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013